ကယားပြည်နယ်နေ့ ဗုံးကြဲမှု မိသားစုဝင် ၃ ဦး သေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၁၆ ရက်။ 

ကယားပြည်နယ်နေ့တွင် ကရင်နီပြည်ထဲရှိ စစ်ဘေးရှောင်စခန်းတစ်ခု လေကြောင်းမှ တိုက်ခိုက်ခံရပြီး မိသားစု ဝင် ၃ ဦး သေဆုံးသွားခဲ့သည်။

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် မိသားစုဝင် အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး အခြား စစ်ရှောင်ရွာသား ၄ ဦး ပြင်းထန် ဒဏ်ရာရသည်ဟု ဒေသတွင်း ကူညီဆောင်ရွက် ပေးနေသူများက ပြောသည်။

မိသားစုနှင့် နီးစပ်သည့် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ဒီးမော့ဆိုက သူတို့မကြဲတာ နည်းနည်းကြာပြီ။ ဒီလတော့ ခဏ ခဏပြန်ကြဲတယ်။ လက်နက်ကြီးလည်း ပစ်တယ်။ အခု ဆုံးတဲ့ ၂ ယောက်လုံးက အဲ့နေရာမှာ တင် ပွဲချင်းပြီးပဲ ဟု ပြောသည်။

ဒီးမော့ဆိုမြို့နယ်၊ ဘိုးလျားနှင့် ဒေါဆိုခူကျေးရွာတို့အား ဇန္နဝါရီလ ၁၅ ရက်နေ့၊ နေ့လည် ၁ နာရီဝန်းကျင် အချိန် ခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပွဲချင်းပြီးသေဆုံးသူများမှာ အသက် ၃၁ နှစ်အရွယ် အမျိုးသား တစ်ဦးနှင့် အသက် ၃၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ ဖြစ်ပြီး အသက် ၇၀ ဝန်းကျင်အရွယ် အမျိုးသမီး တစ်ဦးမှာ ဦးခေါင်းခွံ အက်ကွဲဒဏ်ရာဖြင့် ဆေးရုံတွင် သေဆုံးသည်ဟု ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။ 

ပွဲချင်းပြီး သေဆုံးသူ ၂ ဦးမှာ မောင်နှမတော်စပ်ပြီး ဆေးရုံတွင် သေဆုံးသူမှာ ၎င်းတို့၏ မိခင်ဖြစ်ကာ မိသားစု ၃ ဦးတည်း နေထိုင်ကြသည်ဟု နီးစပ်သူများက ပြောသည်။

ထို့အပြင် ဗုံးကြဲတိုက်ခိုက်ခံရစဉ်အတွင်း လူလတ်ပိုင်းအရွယ် အမျိုးသား၂ ဦးနှင့် အမျိုးသမီး ၂ ဦးမှာလည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး ရက်အတော်ကြာ ဆေးကုသမှု ခံယူရဦးမည်ဟု ဆိုသည်။

ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် မြေပြင်သတင်းအရင်းအမြစ် တစ်ဦးက ကယားဒေးမှာ သူတို့ ဒီလို လုပ်တယ်ဆိုတော့ သူတို့ဖက်က မလျှော့တော့ဘူး။ အဆုံးထိသွားမယ်ဆိုတဲ့ သဘောလို့ ယူဆလို့ရတယ်။ သူတို့ စစ်ခေါင်းဆောင်တွေလည်း ရောက်နေတယ်။ ဒီဖက်ကလည်း လိုင်းပေါ်မှာ စိန်ခေါ်ထားတာတွေရှိတော့ မင်းတို့ မလုပ်ခင် ငါတို့ အရင်လုပ်တယ် အဲလိုမျိုးလည်း သုံးသပ်လို့ ရတာပေါ့။ လေကြောင်းကတော့ ရှေ့ လျှောက် ဒီထက် ပိုဆိုးလာမယ့် သဘောရှိတယ်ဟု သုံးသပ်သည်။

၂၀၂၅ ခုနှစ် အစောပိုင်းအတွင်း ဒီးမော့ဆိုမြို့နယ်ထဲ၌ ကင်းထောက်လေယာဉ်များ မကြာခဏ ပျံဝဲလေ့ရှိသည့် အပြင် စစ်ကောင်စီ၏ ငွေတောင်အခြေစိုက် ခြေလျှင်တပ်ရင်း (ခလရ ၁၀၂) မှလည်း ဇန္နဝါရီလ ၁၅ ရက်နေ့၊ ညတွင် စစ်ဘေးရှောင်စခန်းများအား လက်နက်ကြီး ပစ်ခတ်ခဲ့သည်ဖြစ်ရာ ထိခိုက်ပျက်စီးမှု အခြေအနေမျာအား စုံစမ်းနေဆဲ ဖြစ်သည်။

အလားတူ ဇန္နဝါရီလ ၁၄ ရက်နေ့ည သန်းခေါင်ယံအချိန်၌လည်း လွိုင်ကော်မြို့နယ်၊ ဘုရားနီနှင့် ပဒါးညေးကျေး ရွာတို့အား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သေးသည်။