ရှမ်းမြောက် ကားသမားများအား တော်လှန်ရေး အဖွဲ့များ၏ ယာယီကတ်များ လုပ်ခိုင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၁၆ ရက်။ 

ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်း အုပ်ချုပ်နေသည့် တိုင်းရင်းသား တော် လှန်ရေး လက်နက်ကိုင်များက ယာဉ်ဖြတ်သန်းသွားလာခွင့် ယာယီကတ်များ လုပ်ခိုင်းနေသည်ဟု ပြောသည်။

ဇန္နဝါရီလ ပထမပတ်မှ စတင်၍ ရှမ်းမြောက်၊ လားရှိုးမြို့တွင် ကိုးကန့်တပ်မတော် MNDAA က ၎င်းတို့ထိန်းချုပ် ထားသည့် နယ်မြေအတွင်း ဖြတ်သန်းသွားလာနေသည့် ယာဉ်များအား ယာယီကတ်များ ထုတ်ပေးနေခြင်း ဖြစ်သည်။

လားရှိုးမြို့မှ ယာဉ်မောင်းတစ်ဦး က ခဏတဖြုတ်က ဒီကပြန်လုပ် နောက်တစ်ခုက ပြန်လုပ် ဘယ်နှစ်နှစ် ကား လိုင်စင်လည်း မဟုတ်ဘူး။ မနှစ်တုန်းကဆိုရင်လည်း အမျိုးမျိုးလုပ်ရတယ်။ လူကတ်ကော ကားကတ်ကော အကုန်လုံး လုပ်နေရတာ။ အခက်အခဲတော့ နည်းနည်းရှိတယ်။ အခုဟာကလည်း ကားသက်တမ်းက မရေးထား ဘူးဟု ပြောသည်။

လာရှိုးမြို့တွင် ကိုးကန့်တပ်မတော် MNDAA တပ်ထိန်းချုပ်ထားသည့် ဒေသအတွင်း ဝင်ထွက်သွား လာနေသည့် ကားသမားများအား ကားမောင်းနှင်ခွင့် ယာယီကတ်များကို ဇန္နဝါရီလ ၄ ရက်နေ့မှ စတင်၍ ထုတ်ပေးနေခြင်း ဖြစ်သည်။

ထိုယာယီကတ်အတွက် ကားတစ်စီးလျှင် ကျပ်ငွေ တစ်သောင်းခွဲဖြင့် လုပ်နေကြရပြီး ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ် ထားသည့် ဒေသအတွင်း၌သာ အသုံးပြုနိုင်ကြောင်း ကားသမားများက ပြောသည်။

၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းတွင် ရှမ်းမြောက်ဒေသထဲက မြို့နယ်များကို ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့က နယ်မြေ အလိုက် ထိန်းချုပ်ထားကြခြင်း ဖြစ်သည်။

ထို့ကြောင့် မန္တလေး – မူဆယ် ပြည်ထောင်စု လမ်းမကြီးတလျှောက် ဖြတ်သန်းသွားလာနေရသည့် ယာဉ်များအား လုံးမှာ ထိန်းချုပ်နယ်မြေအလိုက် သတ်မှတ်ချက်များအတိုင်း ယာဉ်ဖြတ်သန်းသွားလာခွင့် ယာယီကတ်များ လုပ်နေကြရခြင်း ဖြစ်သည်။

အလားတူ စစ်ကောင်စီ ထိန်းချုပ်ထားသည့် နယ်မြေထဲရောက်သည့် အခါတွင်လည်း ၎င်းတို့က ထုတ်ပေးထား သည့် လက်မှတ်၊ လိုင်စင်များကို ပြန်လည် အသုံးပြုနေကြရခြင်း ဖြစ်သည်။

ထိုသို့သော အခြေအနေများကြောင့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်တပ်များမှ ထုတ်ပေးသည့် ယာဉ်ဖြတ်သန်းသွားလာခွင့် ယာယီကတ်ပြားများအား စစ်ကောင်စီ ထိန်းချုပ်နယ်မြေထဲသို့ ဖြတ်သန်းမောင်း နှင်ချိန်တွင် မတွေ့အောင်ဝှက်ထားရသည်ဟု ကားသမားများက ပြောသည်။

ယာဉ်မောင်းတစ်ဦးက သူကတ်ကတော့ သူ့နေရာနဲ့ သူသုံး ကျန်တဲ့နေရာမှာတော့ အသုံးမဝင်ပါဘူး။ ကျန်တဲ့ နေရာတော့ အသုံးမဝင်ပါဘူး။ သူတို့ဒေသဖြတ်တဲ့ အခါမှာပဲ အသုံးဝင်မှာ။ စကစဘက် ရောက်သွားရင်တော့ ဖွက်ထားရမှာပေါ့။ ဘာလိုလဲဆို တစ်ခါတစ်လေကိုယ့်မှာ အန္တရာယ်ရှိတယ်လေ။ ဒီကတ်က နေရာတကာ သုံးလို့ မရဘူးလေ။ ပြလို့မရဘူးလေ။ စကစနေတဲ့ မြို့မှာတော့ အဲ့ဒီကတ် တွေ့ရင်တော့ ကိုယ့်ကကိုယ် အတွက်က မလုံခြုံဘူးပေါ့ဗျာ။ အချိန်မရွေး ဆွဲလို့ရတာပေါ့ဗျာ ရှင်းရှင်းပြောမယ်ဆိုရင် ဟု ပြောသည်။

MNDAA လုပ်ပေးနေသည့် ယာယီကတ်များ မလုပ်ပါက ၎င်းတို့ ထိန်းချုပ်ထားသည့် ဒေသများထဲ ဖြတ်သန်း မောင်းနှင် သွားလာခွင့် မပြုကြောင်း နမ့်ခမ်းမြို့မှ ကားသမားတစ်ဦးက ပြောသည်။

ကချင်ဘက်ကဆို ကချင်ဟာလုပ်၊ ပလောင်ဘက်ကဆို ပလောင်ဟာလုပ်၊ အကုန်လုံးဟာ ကြည့်ရတာပေါ့။ စကစနယ်မြေထဲ ရောက်လာရင်တော့ ပြန်ဖွက်လိုက်ရတာပေါ့။ အလှည့်ကျသွားရတော့ မလုပ်ရင် လောက်ကိုင် တက်မယ်ကွာ တက်ခွင့်မရှိဘူး ဟု ပြောသည်။

လားရှိုးမြို့ထဲရှိ လိုင်စင်ကားများ၊ လိုင်စင်မဲ့‌ကားများ၊ ကုန်တင်ကား၊ ယာဉ်ကြီး/ငယ် မှန်သမျှကို MNDAA က ယာဉ်ဖြတ်သန်းသွား၊ မောင်းနှင်ခွင့် ယာယီကတ်များ ပြုလုပ်ပေးနေခြင်း ဖြစ်သည်ဟု လားရှိုးဒေသခံများနှင့် ယာဉ်မောင်းများက ပြောသည်။ အဆိုပါကတ်အား သက်ဆိုင်ရာ ရပ်ကွက်ရုံးတွင် သွားရောက်လုပ်နေကြရခြင်း ဖြစ်သည်ဟု ဆိုကြသည်။

လားရှိုးမြို့တွင်း စက်တပ်ယာဉ် မောင်းနှင်ခွင့် ယာယီကတ်၏ သက်တမ်းမှာ တစ်နှစ်သက်တမ်းဖြစ်ပြီး နောက် ပိုင်းတွင် သက်တမ်းတိုးခြင်း၊ လိုင်စင် လုပ်ပေးခြင်းများကိုလည်း လုပ်ဆောင်ပေးသွားမည်ဟု MNDAA က ဆိုသည်။