ဇဝဲတပ်ရင်းဂိတ်ကို ဝင်တိုက်၊ တပ်ကြပ်ကြီးတစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၁၇ ရက်။
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ဇဝဲကျေးရွာ အခြေစိုက် တပ်ရင်းဂိတ် ဝင်ရောက် တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ တပ်ကြပ်ကြီးတစ်ဦး သေဆုံးသွားခဲ့သည်ဟု KNDO တပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြော သည်။
ခြေမြန်တပ်ရင်း အမှတ် ၅၅၆ အရှေ့ရှိ စစ်တပ်ဂိတ်ကို KNDO တပ်ရင်း (၇)၊ တပ်ခွဲ (၃) ဘိုနီတပ်စုနှင့် ဗိုလ်ခရင်း တပ်ဖွဲ့ တို့မှ ဇန္နဝါရီလ ၁၄ ရက်နေ့၊ နံနက် ၈ နာရီခွဲ အချိန်ခန့်က သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ခရင်းတပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ရှိသူက “၄၀ မမနဲ့ သူတို့ဂိတ်ကို အရင်ပစ်တာ၊ ပြီးမှ သေနတ်တွေနဲ့ ဆက်တိုက် ထပ်ပစ်တာ၊ သူတို့ဘက်က ငြိမ်နေတယ် ဘာနဲ့မှ ပြန်မပစ်ဘူး၊ ပြန်ဆုတ်လာပြီးမှ တပ်အထဲကနေ လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်” ဟု ပြောသည်။
သွားရောက် တိုက်ခိုက်ခဲ့ချိန်တွင် ခမရ – ၅၅၆ စစ်တပ်ဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးဝန်းကျင်ခန့် ရှိနေပြီး၄၀ မမ လက်နက်ကြီးနှင့်အတူ လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု တိုက်ခိုက်ရာ တွင် ပါဝင်ခဲ့သူ KNDO တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ခမရ – ၅၅၆ တပ်ရင်း၏ စစ်တပ်ဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် တပ်ကြပ်ကြီးတစ်ဦး ကျဆုံးခဲ့ပြီး KNDO နှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။
ခမရ – ၅၅၆ တပ်ရင်း၏ စစ်ဆေးရေး အဝင်ဂိတ် တိုက်ခိုက်ခံရပြီးနောက် တပ်ရင်းအရှေ့တွင် လုံခြုံရေး တိုးမြှင့် ထားကာ အနီးဝန်းကျင်၌ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀ ဦးခန့်ကို ကင်းချထားကြောင်း ရွာသားများက ပြောသည်။
အလားတူ ဇန္နဝါရီလ ၁၁ ရက်နေ့ ညပိုင်းကလည်း တနင်္သာရီမြို့နယ် အရှေ့မော်တုန်းကျေးရွာ အခြေစိုက် အမြောက်တပ်ရင်း အမတ – ၃၀၆ ကိုလည်း တောဗုံးကြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က သွားရောက် တိုက် ခိုက်ခဲ့သေးသည်။