ထိုင်းနယ်စပ် မောတောင်မြို့တွင် ဆန်ဈေးများ မြင့်တက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၁၈ ရက်။
မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း – မြန်မာနယ်စပ်မြို့ဖြစ်သည့် မောတောင်မြို့တွင် ကုန်စျေးနှုန်းများ မြင့်တက်နေသောကြောင့် မြို့ခံများမှာ ဆန်ဝယ်စားရန်ပင် အခက်အခဲဖြစ်နေကြသည်ဟု ပြောသည်။
ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော်သည့် ကားလမ်းဖြစ်သည့် တနင်္သာရီ – မောတောင် ကားလမ်းတွင် နှစ်ဘက်တိုက်ပွဲများကြောင့် ရက်ရှည်ပိတ်မိနေပြီး မြန်မာဘက်မှ တင်သွင်းနေရသည့် အခြေခံ စားသောက်ကုန်များ၏ ဈေးနှုန်းများမှာ နှစ်ဆနီးပါးခန့် မြင့်တက်နေသည်ဟု မောတောင်မြို့ခံများက ပြောသည်။
အသက် ၄၀ ခန့်အရွယ် မြို့ခံ အမျိုးသမီးတစ်ဦးက “လမ်းပိတ်ထားတာကြောင့် မောတောင်မှာက မြန်မာဆန် ကြမ်းဖြစ်တဲ့ OK အနီက ဝယ်ဖို့မရှိတော့ဘူး။ ဒါကြောင့် ထိုင်းဘက်ခြမ်းက ဆန်ကို ဝယ်စားနေရတယ်။ စျေး ပိုကြီးတယ်” ဟု ပြောသည်။
မောတောင်မြို့တွင် လမ်းမပိတ်ခင်က ၂၄ ပြည်ဝင် OK အနီ ဆန်တစ်အိတ်ကို ၇၀,၀၀၀ ကျပ် စျေးရှိခဲ့သော်လည်း လက်ရှိတွင် ၁၃၀,၀၀၀ ကျပ် (ဘတ် ၁၀၀၀ ဝန်းကျင်) ခန့် ဈေးရှိနေသည်ဟု မြို့ခံများက ပြောသည်။
တနင်္သာရီ – မောတောင်ကားလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ် ပူးပေါင်း တပ်ဖွဲ့ တို့ကြား ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့မှ စတင်ပြီး နှစ်ဖက်ကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး ကားလမ်းပိတ်မိနေခဲ့ခြင်း ဖြစ်သည်။
ကားလမ်းများ ပိတ်သွားပြီးသည့်နောက် ထိုင်း – မြန်မာနယ်စပ် မောတောင်မြို့တွင် ဆန်၊ ကြက်သွန်ဖြူ၊ ကြက်
သွန်နီ၊ ဟင်းသီးဟင်းရွက်နှင့် သားငါးများ အဓိက ဈေးတက်လာခြင်း ဖြစ်သည်ဟု မြို့ခံများက ဆိုသည်။
ထိုင်းဘက်မှ ဆန်ကြမ်း ၄၃ ကီလိုဝင် တစ်အိတ်ကို ၁,၃၀၀ ဘတ်ပေးကာ ဝယ်စားနေရကြရပြီး ၂၄ ပြည် ဆန်တစ်အိတ်တွင် ၅၀ ကီလိုရှိသည်။
ကြက်သွန်နီ တစ်ကီလိုကို ယခင်က ဘတ် ၃၀ စျေးရှိခဲ့ရာမှ ဇန္နဝါရီလ ဒုတိပတ်ခန့်မှ စတင်၍ ဘတ် ၅၀ မှ ဘတ် ၈၀ အထိ စျေးတက်သွားသည်ဟု ဆိုကြသည်။
ကုန်စိမ်းများကိုလည်း ထိုင်းဘက်မှပင် တင်သွင်းနေရပြီး ယခင်က အာလူးနှင့် ခရမ်းချဥ်သီးတို့မှာ တစ်ကီလိုလျှင် ဘတ် ၃၀ စျေးရှိနေရာမှ လက်ရှိတွင် ဘတ် ၅၀ ဘတ်ကျော် အထိ ဈေးမြင့်တက်လာသည်ဟု မြို့ခံများက ပြော သည်။
ထို့အပြင် ငါးစျေးလည်း ဈေးလာတက်နေပြီး ပလာတူးငါး တစ်ကီလိုကို ယခင်က ဘတ် ၆၀ သာပေးရပြီး လက်ရှိတွင် ဘတ် ၁၂၀ အထိ စျေးကြီးပေးပြီး ဝယ်စားနေကြရသည် မောတောင်မြို့ခံများက ပြောသည်။
လက်ရှိတွင် တနင်္သာရီ – မောတောင်သွား ကားလမ်းမှာ ပိတ်ထားဆဲဖြစ်သောကြောင့် မောတောင်မြို့ခံများမှာ ကြိမ်ချောင်းကျေးရွာ လမ်းမှ တဆင့် ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားလာနေကြရသည်ဟု ဆိုသည်။