တမူးမြို့နယ်က လေကြောင်းတိုက်ခိုက်ခံရမှုထဲ ပြည်သူ ၆ ဦးသေဆုံး

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၁၇ ရက်။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပါတ်မြို့နှင့် ကနန်ကျေးရွာအား စစ်ကောင်စီက လေကြောင်းဖြင့် ၃ ကြိမ် တိုက်ခိုက်ခဲ့ရာ လူ ၆ ဦး သေဆုံးသည်ဟု ဒေသတွင်း ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။

အမျိုးသားညီညွှတ်ရေး အစိုးရ (NUG) မှ စစ်ကိုင်းတိုင်းရှိ ထိန်းချုပ်နယ်မြေများတွင် ယခု ဇန္နဝါရီလအတွင်း ရုံးဖွင့်လှစ်မည်ဟု ကြေညာပြီးနောက် ယမန်နေ့ (ဇန္နဝါရီ ၁၆ ရက်နေ့) ည ၈ နာရီ အချိန်ခန့်၌ ဗုံးကြဲခံရခြင်း ဖြစ်သည်။

ခမ်းပတ်မြို့မှ တိမ်းရှောင်လာသူ အမျိုးသား တစ်ဦးက ရုတ်တရက်ကြီး ကြဲချလာတာ။ ဒီနောက်ပိုင်းက ကင်းထောက် လေယာဉ်တောင် မလာတော့ဘူး။ သိရသလောက်တော့ ၄ ယောက်က ပွဲချင်းပြီးပဲ။ ဒဏ်ရာ ရသူတွေလည်း များတယ်။ ဆေးရုံမှာလည်း တစ်ယောက် တစ်ပေါက်နဲ့ဆိုတော့ တိတိကျကျက နောက်ရက်မှ သိရမယ် ထင်တယ် ဟု ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ခမ်းပတ်မြို့ပေါ်ရပ်ကွက်မှ ကလေး ၂ ဦး၊ အရပ်သား တစ်ဦး၊ ရဲဘော်တစ်ဦး အပြင် ကနန်ဘုန်းကြီးကျောင်းမှ သံဃာတော်တစ်ပါးနှင့် အရပ်သား တစ်ဦး စုစုပေါင်း ၆ ဦး သေဆုံးသည်ဟု ဒေသတွင်း ကာကွယ်တပ်ဖွဲ့ဝင်များ၏ ပြောပြချက်အရ သိရသည်။

ထို့အပြင် ကနန်ဘုန်းကြီးကျောင်း အပါအဝင် လူနေအိမ် ၃၀ ခန့် မီးလောင်ပြာကျ ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရ သူ စုစုပေါင်း ၁၀ ဦးကျော်ခန့် ရှိနိုင်သည်ဟု ခမ်းပါတ်မြို့မှ တိမ်းရှောင်လာသူများက ဆိုသည်။

ကနန်ကျေးရွာအနီး စစ်ရေးလှုပ်ရှားနေသည့် မြေပြင်အရင်းအမြစ် တစ်ဦးက “NUG အနေနဲ့ လျို့ဝှက်သင့်တဲ့ ကိစ္စတွေကို လျို့ဝှက်စေချင်တယ်။ မီဒီယာမှာ တစ်ခါဖြေပြီးတိုင်း တစ်ခါဗုံးကြဲခံနေရတာ တိုက်ဆိုင်မှုတော့ မဟုတ်ဘူး။ အခုသူတို့ ရုံးဖွင့်မယ် ပြောတယ်။ ဘယ်တော့လဲ ဘာလဲတော့ မသိဘူး။ ဗုံးတော့လာကြဲပြီ။ သူတို့ ရုံးက ဘယ်နားနေမှန်းတောင် မသိဘူး ဟု ပြောသည်။

ခမ်းပါတ်မြို့အား ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၅ ရက်နေ့တွင် NUG လက်အောက်ခံ PDF တပ်ရင်းများမှ တိုက်ခိုက် သိမ်းယူခဲ့ပြီး လက်ရှိတွင်လည်း ပြည်သူ့အုပ်ချုပ်ရေး လည်ပတ်နေဆဲ ဖြစ်သည်။

ခမ်းပါတ်မြို့အနီး ကနန်ကျေးရွာကို ၂၀၂၄ ခုနှစ် ဇန္နဝါရီ ၇ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး အသက် ၁၈ အောက် ကလေးငယ် ၆ ဦး အပါအဝင် ၁၉ ဦး သေဆုံးခဲ့ဖူးသည်။