ဆီဆိုင်တွင် လေယာဉ်ဗုံးကြဲမှုကြောင့် ရဲစခန်းနှင့် ဘာသာရေး အဆောက်အအုံများ ပျက်စီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၁၈ ရက်။ 

လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင်မြို့နယ်ထဲရှိ စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းနှင့် ဘာသာရေး အဆောက်အအုံများ ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ထော်ကျေးရွာကို စစ်ကောင်စီ တပ်က ဇန္နဝါရီလ ၁၅ ရက်နေ့၌ ဂျက်ဖိုက်တာဖြင့် ၄ ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသတွင်း သတင်း အရင်းအမြစ်များက ပြောသည်။

လေကြောင်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ လက်အောက်ခံ နောင်ထော်ရဲစခန်းနှင့် ကျေးရွာဓမ္မရုံတစ်ခု မီးလောင်ပြာကျ ပျက်စီးခဲ့သည်ဟု အဝေးရောက် စစ်ဘေးရှောင်များက ဆိုသည်။

နောင်ထော်ဒေသခံ စစ်ဘေးရှောင် တစ်ဦးက အဲဒီမှာက ရဲမရှိတော့ဘူး။ ရဲတွေက ဆီဆိုင်တိုက်ပွဲ ဖြစ်ကတည်း က ပြေးသွားတာ။ PNO နဲ့ စစ်တပ်က ဝင်လိုက်ထွက်လိုက်ပဲ။ အခုတော့ သူတို့ လကနက်နဲ့ သူတို့ ပြန်ထိတယ် ပြောရမှာပေါ့ဟု ပြောသည်။

ဆီဆိုင်မြို့နယ်၊ တောင်ရှေ့ကျေးရွာအုပ်စု၊ နောင်ထော်ကျေးရွာအား ဇန္နဝါရီလ ၁၄ ရက်နေ့ ညနေ ၃ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ၄ ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နောင်ထော်ကျေးရွာမှာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLA) ၏ ဗဟိုဌာနချုပ်ဟောင်း ဖြစ်သော် လည်း လက်ရှိတွင် PNLA တပ်ဖွဲ့ဝင်များ တစ်ဦးတစ်ယောက်မျှ မရှိတော့သည့်အပြင် စစ်ရေးလှုပ်ရှားမှုလည်း မရှိဘူးဟုဆိုကြသည်။

PNLA စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဟုတ်ပါတယ်။ ၁၅ ရက်နေ့ ညနေ ၃ နာရီမှာ ရည်ရွယ် ချက်ရှိရှိ လာကြဲသွားတာပါ။ ဒါတွေက ဘာကိုပြနေသလဲဆိုတော့ စစ်ကောင်စီတပ်တွေက စစ်ရာဇဝတ်မှုတွေကို ရည်ရွယ်ချက်ရှိရှိ ဆက်တိုက် ကျူးလွန်နေတဲ့ပုံစံပဲ ဖြစ်ပါတယ် ဟု ပြောသည်။

ဆီဆိုင်တိုက်ပွဲစတင်သည့် ၂၀၂၄ ခုနှစ် ဇန္နဝါရီလ ၂၄ ရက်နေ့၊ နောက်ပိုင်းမှစတင်၍ နောင်ထော်ကျေးရွာနေ ပြည် သူများမှာ တိမ်းရှောင်နေရပြီး ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) နှင့် စစ်ကောင်စီတပ်များ မကြာခဏ ဝင်ရောက် စစ်ရေးလှုပ်ရှားလျက် ရှိသည်ဟု ဆိုသည်။

အလားတူ တောင်ရှေ့ကျေးရွာအုပ်စု၊ ထီစုံကျေးရွာတွင်လည်း ဇန္နဝါရီလ ၆ ရက်နေ့က စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် လူနေအိမ် ၂ လုံးနှင့် တန်ဖိုးမြင့် ကားတစ်စီး မီးလောင်ပြာကျ ပျက်စီး ခဲ့သည်။

၂၀၂၅ ခုနှစ် အစောပိုင်းအတွင်းလည်း အဆိုပါ ပအိုဝ်းကျေးရွာဖြစ်သည့် ထီစုံကျေးရွာအတွင်း စစ်ကောင်စီ လေကြောင်းမှ တိုက်ခိုက်မှု ကြောင့် သားအမိ ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး လူနေအိမ် ၂ လုံး၊ ဘာသာရေး အဆောက်အအုံ တစ်ခု၊ ရဲစခန်း တစ်ခုနှင့် မော်တော်ကားတစ်စီး မီးလောင်ပြာကျပျက်စီးခဲ့ပြီး ဖြစ်သည်ဟု PNLA တာဝန်ရှိသူများက ပြောသည်။