ရှမ်းတောင် စစ်ရှောင် ၂ သောင်းကျော်အတွက် အရေးပေါ် အကူအညီလိုအပ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၁၈ ရက်။ 

ရှမ်းပြည်တောင်ပိုင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် အယောက် ၂ သောင်းကျော်အတွက် အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူများ က ပြောသည်။

ရှမ်းပြည်တောင်ပိုင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်ဦးရေ ၆ သောင်းခွဲကျော်ရှိပြီး ၎င်းတို့အနက် ၃ ပုံ ၂ ပုံခန့်မှာ စားနပ်ရိက္ခာ၊ သောက်သုံးရေ နှင့် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီများ လိုအပ်နေကြခြင်း ဖြစ်သည်။ 

ရှမ်းတောင်ဒေသအတွင်း စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသည့် ပအိုဝ်းအမျိုးသား တစ်ဦးက မဲနယ်တောင် လုံးဟီးဘက်မှာ တိုက်ပွဲဖြစ်ကတည်းက ရောက်လာတာဆိုတော့ တစ်နှစ်လောက် ရှိပြီလေ။ ကယားဘက်က လာတာတွေလည်း ၃ နှစ်ကျော်ပြီ။ ကြားထဲက အလုပ်လည်းမရှိ။ အလုပ်ကိုင်လေးရမှပဲ သူတို့ စားဝတ်နေရေး ပြေလည်မှာပါ။ ကြာပြီဆိုတော့ အလှူရှင်တွေလည်း နည်းပြီလေဟု ပြောသည်။

စစ်ဘေးရှောင်များမှာ ကရင်နီပြည်အတွင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စတင်ခဲ့သည့် တစ်လေးလုံး စစ်ဆင်ရေးနှင့် ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ၌ ၂၀၂၄ ခုနှစ် ဇန္နဝါရီလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ ကြောင့် တိမ်းရှောင်လာရခြင်း ဖြစ်သည်။

စစ်ဘေးရှောင်များမှာ တောင်ကြီး၊ ညောင်ရွှေ၊ ပင်လောင်း၊ ကလော စသည့်မြို့နယ်များနှင့် တောတောင်များထဲ တွင် ခိုလှုံနေကြပြီး တောတောင်များ၌ နေထိုင်ကြသူများမှာ စားဝတ်နေရေးအတွက် ဟင်းသီးဟင်းရွက်များ ခူးရောင်းပြီး ရှာဖွေလုပ်ကိုင် စားသောက်နေကြရသည် ဟု နီးစပ်သူများက ပြောဆိုသည်။

စစ်ရှောင်များကို ကူညီပေးနေသူ တစ်ဦးက တချို့က ကုန်စိမ်းရောင်းတဲ့နား နေ့စားလိုက်ကြတာပေါ့။ ပေးသ လောက်ပဲ ယူကြတာပေါ့။ စစ်ရှောင် အလုပ်မရှိ ဆိုတာသိတော့ ဈေးနှိမ်တယ်လေ။ စခန်းတွေမှာလည်း ထမင်း တစ်နပ် လျှော့စားနေရတယ် ဟု ဆက်ပြောသည်။

အလားတူ ပင်လောင်းမြို့နယ် တောင်ပိုင်းတွင်လည်း ရေရှားပါးလာသည်ဖြစ်ရာ ဝါလီး၊ ဆောင်းပြောင်း၊ ထီဗွား၊ လိန့်ညား စသည့်ကျေးရွာများတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များအတွက် သောက်သုံးရေ ခက်ခဲသည့် ပြဿနာနှင့် ရင်ဆိုင်နေကြရသည်။

သောက်သုံးရေအတွက်လည်း ပေပါပုံး တစ်ပုံးလျှင် ၃,၀၀၀ ကျပ် ပေးဝယ်နေရပြီး ရေမသန့်ရှင်းမှုကြောင့် ကလေးအချို့မှာ အရေပြားယားယံခြင်းနှင့် ဝမ်းရောဂါများ ဖြစ်ပွားနေကြသည်ဟု ကူညီဆောင်ရွက်ပေးနေ သူများ က ဆိုသည်။

ပင်လောင်းမြို့နယ် တောင်ပိုင်းတွင် စစ်ရှောင်နေရသည့် အသက် ၄၀ အရွယ် စစ်ဘေးရှောင် အမျိုးသမီး တစ်ဦး က ဒီနှစ်က ရေတော်တော်ရှားတယ်။ နွေတောင် မရောက်သေးဘူး။ မိုးရေလှောင်ထားတာ ကုန်ပြီလေ။ တစ်ပေပါဝယ်ရင် မိသားစုလိုက်ဆို တစ်ရက်တောင် မခံဘူး။ ရေသပ်သပ် လှူပေးတဲ့သူ ရှိစေချင်တယ်။ ရေနဲ့ ရိက္ခာက အဓိကပဲ ဟု ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်းအတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင်များမှာ တောင်ကြီးမြို့နယ်တွင် အများဆုံး နေထိုင်ကြပြီး လက်ရှိ ဆောင်းရာသီကာလ၌ အအေးဒဏ်ကြောင့် ဝမ်းရောဂါများ ဖြစ်နေကြသည်ဟု ဆိုသည်။

သို့ဖြစ်ရာ တောင်ကြီးမြို့နယ်ရောက် စစ်ဘေးရှောင်များ အတွက်လည်း ဆေးအကူအညီနှင့် အနွေးအထည်များ၊ စောင်များ လိုအပ်လျက်ရှိသည်။

ရှမ်းပြည် တောင်ပိုင်းရောက် စစ်ဘေးရှောင်များအား စစ်ကောင်စီ လက်အောက်ခံ ထွေအုပ်ဦးစီးဌာန၊ အုပ်ချုပ် ရေးမှူးနဲ့ ရဲတပ်ဖွဲ့များက မကြာခဏ ရှောင်တခင် ဧည့်စာရင်းစစ်ခြင်း၊ အလှူခံပစ္စည်းများအပေါ် ခေါင်းပုံဖြတ်ခြင်း၊ ဖိအားပေး နေရပ်ပြန်ခိုင်းခြင်းများ လုပ်နေကြသည်ဟု စစ်ရှောင်များက ဆိုသည်။