အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နိုင်ငံရေး တွေ့ဆုံမှုအတွက် ကြိုးပမ်းမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၁၈ ရက်။ 

စစ်ရေးပဋိပက္ခများကို လျော့ချရန် နိုင်ငံတကာ၏ တွန်းအားကို ရယူပြီး သက်ဆိုင်သူများ အားလုံးပါဝင်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပါ်လာအောင် လုပ်ဆောင်သွားမည်ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်း (၇) ဖွဲ့၏ မဟာမိတ်အဖွဲ့ – 7 EAO Alliance က ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၇) ဖွဲ့ ၏ မဟာမိတ်အဖွဲ့ – 7 EAO Alliance က ဇန္နဝါရီလ ၁၄ ရက် နေ့တွင် ပြုလုပ်ခဲ့သည့် (၃/၂၀၂၅) အစည်းအဝေး၌ ထည့်သွင်း ဆွေးနွေးခဲ့ကြသည်ဟု 7 EAO Alliance ၏ ပြော ခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

“လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ဆိုရင် နိုင်ငံတကာရဲ့ ပံ့ပိုးဆောင်ရွက်မှုကို ကျနော်တို့က မျက်ကွယ်ပြုလို့ မရဘူး လိုအပ်တယ်။ အလေးထားသင့်တယ်လို့ ကျနော်တို့အနေနဲ့ ယုံကြည်တဲ့အတွက်မလို့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေပေါ့ တရုတ်တို့ ထိုင်းတို့ အိန္ဒိယတို့ အိမ်နီးချင်းနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ လည်း လက်ရှိ အကြပ်အတည်းကို ကျော်လွားနိုင်ဖို့ ဘယ်လို ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်နိုင်မလဲဆိုတဲ့ ထိတွေ့ ဆက်ဆံပြောဆိုမှုတွေ လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်မယ့် အစီစဉ်တွေလည်း ကျနော်တို့ ညှိနှိုင်းဆွေးနွေး နိုင်ခဲ့တယ်။”

လက်ရှိပြည်တွင်း စစ်ရေးပဋိပက္ခများသည် ပိုမိုကျယ်ပြန်လာပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ ကျဉ်း မြောင်းလာသည့် အတွက် ပြဿနာများကို ဖြေရှင်းရန် သက်ဆိုင်သူများအားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာရန် လိုအပ်သည်ဟု 7 EAO Alliance ၏ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်မှ ပြောသည်။

“ပြည်တွင်း နိုင်ငံရေးဘောင် ချဲ့ထွင်ဖို့ဆိုတာက နိုင်ငံရေးဘောင်ဆိုတာကတော့ ဒီအချိန်မှာ အင်မတန်မှ ကျဉ်းကြပ်ပါတယ်။ စစ်ရေးဘောင်က အရမ်းကို ကျယ်ပြန့်ပြီးတော့ နိုင်ငံရေးဘောင်က တော်တော်လေးကို ပိတ်လုပိတ်ခင်ကို ကျဉ်းမြောင်းနေတဲ့ ကာလတစ်ခုမှာ ကျနော်တို့က ကြိုးပမ်းနေတာပါ အခက်အခဲတွေ စိန်ခေါ်မှုတွေ ရှိတယ်ဆိုတာတော့ အမှန်ပါပဲ ဒါက ပကတိ အရှိတရားပါ။”

မြန်မာပြည်တွင်း စစ်ရေးပဋိပက္ခများ ကြာရှည်လာသည်နှင့်အမျှ အင်အား လိုအပ်ချက်ရှိလာသော စစ်ကောင်စီ တပ်သည် စစ်မှုမထမ်းမနေရ ဥပဒေဖြင့် ပြန်လည် အင်အား ဖြည့်တင်းမှုများ ရှိနေသလို တော်လှန်ရေးတပ် ဘက်မှလည်း ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီ အပြီးတိုင် ကျဆုံးရေး ကြွေးကြော်ထားသောကြောင့် စစ်ရေး ဘောင် ပိုကျယ်ပြန့်လာနိုင်သည်ဟု သုံးသပ်ချက်များ ရှိနေသည်။

လက်ရှိ အကြပ်အတည်းအား ကျော်လွှားနိုင်ရန် နိုင်ငံတကာ၏ တွန်းအားကို ရယူသွားမည်ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်မှ ပြောသည်။

ထို့အပြင် အာဆီယံ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးနေဆဲဖြစ်ပြီး လာမည့်အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာမည့် မလေးရှား နိုင်ငံခြားရေး ဝန်ကြီးသာမက အာဆီယံနိုင်ငံမှ ခေါင်းဆောင်များနှင့်လည်း အနီးကပ် ထိတွေ့ဆက်ဆံနိုင်ရန် ကြိုးပမ်းသွားမည်ဟု ဆိုသည်။

ထို့အတူ 7 EAO Alliance အနေဖြင့် လက်ရှိ အဖွဲ့ဝင်များကြားတွင် ထိတွေ့ဆက်ဆံ ဆွေးနွေးမှုများ ပုံမှန်ပြုလုပ် နေပြီး နိုင်ငံတကာမှ အကူညီပေးနိုင်သည့် ပုဂ္ဂိုလ်များနှင့်လည်း လက်လှမ်းမှီသလောက် ချိတ်ဆက် ဆောင်ရွက် ခြင်း၊ ပြည်တွင်း ရှိ အရပ်ဖက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီ အချို့တို့အား ထိတွေ့ ပြောဆိုမှုများ ကို လုပ်ဆောင်လျက်ရှိသည်ဟု ပြောသည်။

ဗိုလ်မှူးကြီး စောကျော်ညွန့် က “ကျနော်တို့နိုင်ငံမှာ ပြည်တွင်းစစ်တွေကလည်း ရာစုနှစ်ဝက်ကျော် ရှည်ကြာခဲ့ တယ် ပြည်တွင်းစစ်ကို အပြီးသတ် ချုပ်ငြိမ်းချင်တယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးကို ကျနော်တို့ ဖော်ဆောင် ချင်တယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးကို ဖော်ဆောင်မယ်ဆိုရင်လည်းပဲ ကျနော်တို့ နိုင်ငံကို ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုလို့ပဲ ခေါ်ခေါ်၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုကို အခြေခံတဲ့ ပြည်ထောင်စုလို့ပဲ ခေါ်ခေါ် အဲဒီပြည်ထောင်စုမျိုးကို ကျနော်တို့အားလုံး ညှိနှိုင်း သဘောတူညီချက်နဲ့ ဖော်ဆောင်ဖို့ ဒါလိုအပ် တယ်လို့ ကျနော်တို့က ယုံကြည်တယ်” ဟု ပြောသည်။

7 EAO Alliance ၏ ဇန္နဝါရီလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သည့် အစည်းအဝေးသို့ ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင် သော အဖွဲ့ဝင်များ၊ အတွင်းရေးမှူး အဖွဲ့ဝင်များနှင့် လုပ်ငန်းကော်မတီ အသီးသီးတို့၏ တာဝန်ရှိသူများ စုစုပေါင်း ၂၂ ဦး တက်ရောက်ခဲ့ပြီး လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် လူထုက နေ့စဥ် ရင်ဆိုင် ကြုံတွေ့နေရသော လူမှုဒုက္ခမျိုးစုံအား သုံးသပ် ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

ဆွေးနွေးပွဲတွင် လက်ငင်း နိုင်ငံရေး အကြပ်အတည်းမှ လွန်မြောက်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပေါ်လာ နိုင်မည့် နိုင်ငံရေး အခင်းအကျင်းနှင့်အညီ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရေး၊ သက်ဆိုင်သူများအားလုံး ပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပါ်လာစေရေး၊ ငြိမ်ချမ်းရေးလုပ်ငန်းစဥ် ဖော်ဆောင်ရေး၊  EAO များအတွင်း Coordination and Cooperation ပိုမိုရရှိလာစေရေး၊ ပြည်တွင်းနိုင်ငံရေးဘောင် ချဲ့ထွင်ရေးလုပ် ငန်းစဥ်အား တိုးမြှင့်ဆောင်ရွက်ရေးတို့ကို ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်ဟု 7 EAO Alliance ပြောသည်။

7 EAO Alliance အဖွဲ့ကို အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖြစ်သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA (PC)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင်သော ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ဖြင့် ဖွဲ့စည်းထားပြီး အဖွဲ့ခေါင်းဆောင်မှာ (RCSS) မှ ဗိုလ်ချုပ်ကြီး ယွက်စစ် ဖြစ်သည်။