မြိတ်တွင် တစ်နေ့တည်း မီး ၂ ကြိမ်လောင်၊ အလောင်းတစ်လောင်းတွေ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၁၉ ရက်။
မြိတ်မြို့တွင် တစ်နေ့တည်း မီး ၂ ကြိမ် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အလယ်ကျွန်းရပ်ကွက် မင်္ဂလာလမ်းသွယ် တောင်ပိုင်း မီးသတ်ရုံး၏ အနောက်ဘက်မှ မီးလောင်မှုအတွင်း သေဆုံးနေသည့် အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ရသည်ဟု ရပ်ကွက်နေထိုင်သူများက ပြောသည်။
ဇန္နဝါရီလ ၁၈ ရက်နေ့ နံနက် ၃နာရီခွဲအချိန်ခန့်က မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ၄ နာရီအချိန်၌ မီးထိန်း နိုင်ခဲ့ကာ မီးလောင်မှုမှာ မိနစ် ၃၀ကျော်ကြာမြင့်ခဲ့ကြောင်း မီးငြိမ်းသတ်ရာတွင် ပါဝင်သည့် မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။
မီးလောင်မှုအတွင်း နှစ်ထပ် ပျဥ်ထောင်အိမ် တစ်လုံးနှင့် တစ်ထပ် ပျဥ်ထောင်အိမ် တစ်လုံးတို့ မီးလောင်ကျွမ်းခဲ့ သည်ဟု မြိတ်ခရိုင် မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရပြီး မီးလောင်ကျွမ်းမှု ဖြစ်ပေါ်စေခဲ့သည့် အကြောင်းအရင်းကိုမူ တစ်စုံတစ်ရာရေးသားဖေါ်ပြထားခြင်း မရှိပေ။
မီးလောင်မှုဖြစ်ပွားပြီးသည့်နောက် မီးသတ်ဦးစီးဌာနမှ ရှင်းလင်းရေး လုပ်ငန်းများကို ဆောင်ရွက်ရာ နံနက် ၆ နာရီခန့်က မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်မှ မီးလောင်ဒဏ်ရာဖြင့် သေဆုံးနေသည့် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ရသည်ဟု ပြောသည်။
အလယ်ကျွန်းရပ်ကွက်တွင် နေထိုင်သူ အသက် ၄၀ခန့်အရွယ် အမျိုးသမီးတဦးက “လမ်းကြားအထဲအိမ်က စပြီး လောင်တာ၊ မီးစလောင်တဲ့ အိမ်အနားမှာက သစ်အိမ်တွေများတယ်၊ အလောင်းက သွပ်ပြားတွေအောက်က တွေ့ တာ၊ မီးလုံးဝ လောင်ကျွမ်းနေပြီ၊ ပြာတော့မကျသေးဘူး၊ မီးလောင်တာနဲ့ပတ်သက်ပြီး အမျိုးမျိုး ပြောဆိုနေ ကြတယ်၊ ဘယ်လိုစပြီးလောင်သလဲ ဆိုတာတော့ ကွဲကွဲပြားပြား မသိရသေးဘူး” ဟု ပြောသည်။
အမျိုးသားအလောင်း တွေ့ရှိခဲ့သည့် နေအိမ်မှ မိသားစုဝင်များအနက် အမျိုးသားတစ်ဦး ပျောက်ဆုံးနေပြီး ကျန်မိသားစုဝင်တွေအားလုံး စုံသောကြောင့် သေဆုံးသူ အမျိုးသားမှာ ပျောက်ဆုံးနေသူဖြစ်နိုင်ကြောင်း မိသားစုနှင့် နီးစပ်သူများက ဆိုသည်။
မီးလောင်မှုအတွင်း တွေ့ရှိခဲ့ရသည့် သေဆုံးသူ၏ ညီဖြစ်သူကို မြို့မရဲစခန်းမှ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေသည်။
အလားတူ မွန်းလွဲ၂ နာရီခန့်ကလည်း မြိတ်မြို့ရှမ်းချောင်းလမ်းမကြီး တိုင်းရုံးလမ်းဆုံအနီး သတင်းစာတိုက်လမ်း ရှိ ဖိုးလမင်း ရော်ဘာပြားသိုလှောင်ရုံ မီးလောင်ခဲ့ပြီး ညနေ ၄ နာရီခွဲခန့်တွင် မီးထိန်းနိုင်ခဲ့သည်။
မီးလောင်မှုဖြစ်ပွားခဲ့သည့် ဖိုးလမင်းရော်ဘာပြား သိုလှောင်ရုံတည်ရှိနေသည့် နေရာမှာ မြို့အစွန်ဘက်တွင် ရှိနေခြင်းကြောင့် မီးသတ်ကားများ ချက်ချင်းမရောက်နိုင်ဘဲ မီးလောင်ပြီး ၂၀ မိနစ်ခန့်အကြာမှ ရောက်ရှိလာခဲ့ သည်ဟု ရပ်ကွက်နေသူများက ပြောသည်။
မီးလောင်သည့် ရော်ဘာသိုလှောင်ရုံအနီး ကပ်လျက်တွင် ဓာတ်ဆီဆိုင်ကြီး တစ်ဆိုင်ရှိနေပြီး မီးသတ်ကားများက ကြိုတင်ပြီး ရေဖြန်းနိုင်ခဲ့ခြင်းကြောင့် ဆီဆိုင်ကို မီးမကူးခဲ့ကြောင်း ဆိုသည်။
သိုလှောင်ရုံတစ်ခုလုံးနီးပါး မီးလောင်ကျွမ်းခဲ့သောကြောင့် ရော်ဘာတန်ချိန် ၄,၀၀၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ရပြီး အဆောက်အအုံနှင့် ကုန်ပစ္စည်းများ တန်ဖိုးအရ သိန်းပေါင်းသောင်းချီ၍ ဆုံးရှုံးမှုရှိနိုင်သည်ဟု ရပ်ကွက်နေသူများ က ဆိုသည်။
ဇန္နဝါရီလ ၁၁ ရက်နေ့ကလည်း မြိတ်မြို့ တဘက်ကမ်းရှိ ကျွန်းစုမြို့နယ် ပထော်ကျေးရွာတွင် နေအိမ် ၃ ဆောင် မီးလောင်ကျွမ်းခဲ့သေးသည်။