ရပ်စောက်မြို့နယ် အတွင်း စစ်ရေး တင်းမာနေဆဲဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၂၀ ရက်။
ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသအနီး တစ်ဝိုက်တွင် ၂ ဖက်တပ်များအကြား စစ်ရေး အခြေအနေများ ဆက်လက်တင်းမာနေဆဲ ဖြစ်သည်ဟု မြေပြင်အရင်းအမြစ်များက ပြောသည်။
ကျောက်ဂူဒေသတွင် ဇန္နဝါရီလအတွင်း ဓနုပြည်သူ့လွတ်မြောက်ရေး တပ်ဦး (DPLF) နှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်များကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး လာမည့် ရက်ပိုင်းများတွင် မြေပြင်ရော ဝေဟင်မှပါ တိုက်ခိုက်မှု ထပ်မံပြုလုပ်လာနိုင်သည်ဟု ဆိုသည်။
DPLF စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ကိုအမောင်က “စစ်ရေးအခြေနေကတော့ ၂ ဖက်တပ်တွေ ဆိုင်ထား တုန်း ရှိနေပါသေးတယ်။ စစ်ရေးဗျူဟာကတော့ အနည်းအကျဉ်းတော့ ပြောင်းလဲလာတာတွေ ရှိတယ်။ ပြည် သူ့ စစ်တွေ တချို့ ထုတ်သုံးလာတာတော့ တွေ့ရတယ်။ စကစရဲ့ ကျရှုံးမှု အပိုင်းမှာကြတော့ ဇန္နဝါရီလထဲမှာ ထိတွေ့ တိုက်ပွဲတွေတော့ ဖြစ်တယ်။ ဒါပေမယ့် အတည်တော့ မပြုနိုင်သေးပါဘူး” ဟု ပြောသည်။
ဇန္နဝါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း၌လည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံး ၅၆ လုံး တိတိ ကြဲချတိုက်ခိုက်ခဲ့ရာ ကျောက်ဂူဒေသ၊ လွယ်ဟောင်ကျေးရွာတွင် နေထိုင်သည့် အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦး၊ အသက် ၄၀ နှင့် ၅၀ ဝန်းကျင် အမျိုးသမီး ၂ ဦးတို့ ပွဲချင်းပြီး သေဆုံးခဲ့သည်။
ထို့အပြင် ထိခိုက်ဒဏ်ရာရသူလည်း ၁၃ ဦး အထိရှိပြီး DPLF ဆေးအဖွဲ့မှ ကုသပေးလျက်ရှိသည်ဟု ကိုအမောင် က ဆက်လက်ပြောဆိုသည်။
“လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထု ၁၃ ဦး ဒဏ်ရာရရှိသွားတာတော့ ရှိတယ်။ ၄ ဦးတော့ အနည်း ငယ် စိုးရိမ်ရတယ်။ လက်ရှိမှာတော့ ကျနော်တို့အနေနဲ့ ဆေးကုသပေးလျက် ရှိပါတယ်။”
အလားတူ ဇန္နဝါရီလ ၁၄ ရက်နှင့် ၁၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ကျောက်ဂူဒေသတွင် လူနေအိမ် ၂ လုံးမီးလောင်ပြာကျ ပျက်စီးခဲ့ပြီး အမျိုးသားတစ်ဦးလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်ဟု ဒေသခံများက ဆိုကြသည်။
ဇန္နဝါရီလ ၁၀ ရက်နေ့ဝန်းကျင်စတင်၍လည်း ကျောက်ဂူ၊ ပယင်းကုန်း၊ ထမင်းပေါင်း စသည့်ကျေးရွာများက ပြည်သူများ စစ်ဘေးရှောင်ခဲ့ကြရသည့်အပြင် စစ်တပ်၏ လေကြောင်း မှ တိုက်ခိုက်မှုများကြောင့် ဇန္နဝါရီလ ၁၈ ရက်နေ့မှ စတင်၍ ကျောက်မီးခတ်၊ ခဲကြားနှင့် လွယ်ဟောင်ကျေးရွာများပါ ထပ်မံတိမ်းရှောင်နေကြရသည်။
“အဓိကတော့ ပြည်သူ့လူထုအနေနဲ့ ဘေးကင်းလုံခြုံစွာ စစ်ရှောင်ကြဖို့ရယ်၊ နောက်တခုက စစ်ရေးပစ်မှတ်နဲ့ နီးတဲ့နေရာတွေမှာ စစ်မရှောင်ဖို့ရယ်။ အဲဒီဟာကတော့ ကျနော်တို့လည်း ပြောချင်ပါတယ်။ အဓိကတော့ စစ်ရေးဖြစ်နေတဲ့ ဒေသတွေပဲ ပြောချင်ပါတယ်” ဟု ကိုအမောင်က သတိပေးသည်။
DPLF အနေဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ အပါအဝင် ရှမ်းတောင်ဒေသများသို့ ထိုးဖောက် ဝင်ရောက် လျက်ရှိပြီး နောင်ချိုမြို့၊ တောင်းခမ်းကျေးရွာတွင်လည်း တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မဟာမိတ်ပြု၍ စစ်ကောင်စီတပ်နှင့် စစ်ရေး ဆက်လက် တင်းမာနေဆဲ ဖြစ်သည်။