ဒီးမော့ဆို စစ်ရှောင် စခန်းများ ရေရှားမှု ကြုံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၂၀ ရက်။
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်း အများစုသည် ရေရှားပါးသည့် အခက်ခဲနှင့် ရင်ဆိုင် နေကြရသည်ဟု စစ်ဘေးရှောင်များနှင့် အကူအညီပေးနေသည့် အသင်းအဖွဲ့များက ပြောသည်။
ဒီးမော့ဆိုမြို့နယ် အတွင်းရှိ စစ်ဘေးရှောင်အများစုသည် ရေရရှိရန် ခက်ခဲသည့်အတွက် အကန့်အသတ်ဖြင့်သာ သုံးစွဲနေကြရသည်ဟု ကရင်နီလူသားချင်း စာနာထောက်ထားမှုအသင်း (KHT) မှ တာဝန်ရှိသူ ဦးရန်နှောင်ဟိန်းက ပြောသည်။
၎င်းက“ကျနော်တို့ ရေ လုံလုံလောက်လောက် မဖြည့်ဆည်း ပေးနိုင်ဘူး ပေါ့နော်။ လူဦးရေများလာတဲ့ အခါကြ တော့ ကျနော်တို့ ရေသွားလှူတဲ့ အချိန်မှာ ကော်မတီ တစ်ဦးကတော့ သူပြောပြတယ် ပေါ့နော်။ တစ်ပတ်ကို ပုံးဝါ ပဲဆီပုံးနဲ့ တစ်ပတ်ကို ၃ ပုံး အဲ့လောက်ထိပဲ သုံးခွင့်ပေးတယ် ပေါ့နော်။ ရေမလုံလောက်တာနဲ့ ပတ်သက်ပြီး လို့ရှိရင် ကျနော်တို့ အဝတ်တွေ လျှော်တာတို့ ဘာတို့ ကျနော်တို့ ပိတ်ပင်လိုက်တယ် ပေါ့နော်။ အဝတ်လျှော်တာ ရေအဆင်ပြေမှ အလှူရှင်လာမှ အဝတ်လျှော်ခွင့် ပေးတာမျိုးတွေ ကျနော်တို့ လုပ်ပေး နေရတယ်ပေါ့နော်။ ပြီး တော့ဆိုရင် ကျနော်တို့ ပန်ကန်ဆေး ထမင်း၊ ဟင်းချက် အဲ့သလောက်လောက်ပဲ ကျနော်တို့ သုံးခွင့်ရှိတယ် ပေါ့။ အဲ့လိုမျိုး သုံးခွင့်ပေးတဲ့ ခါကြတော့ သူတို့ အတွက် ရေလုံလောက်မှုက အရမ်းကို ခက်ခဲတယ်” ဟု ပြောသည်။
ကရင်နီပြည်အတွင်းရှိ စစ်ဘေးရှောင်များအား အကူအညီပေးနေသည့် ကျေးလက်မြေအဖွဲ့မှ ဦးဇော်မင်းထိုက် က “လက်ရှိကရင်နီရဲ့ စစ်ဘေးရှောင်စခန်း တော်တော်များများပေါ့နော်။ အားလုံးတော့ မဟုတ်ဘူးပေါ့။ ရေရှား ပါးမှုကို ကြုံတွေ့လာရပြီ ဖြစ်ပါတယ်ဗျ။ တစ်ချို့တွေ ကြတော့ ရေချောင်းနဲ့ နီးတဲ့လူတွေ တစ်ချို့ ကြတော့ ရေတွင်း နက်နက်လေးတူးလို့ရတဲ့ နေရာတွေ ရှိတာပေါ့။ တစ်ချို့နေရာက လုံးဝကို ချောင်းရေလည်း မနီး၊ တွင်းရေလည်း မနီးတဲ့နေရာတွေ ဆိုတာလည်း ရှိတယ်ပေါ့နော်” ဟု ပြောသည်။
ဒီးမော့ဆို အရှေ့ခြမ်းသည် အနောက်ဖက်ခြမ်းထက် ရေရရှိရန် ပိုမိုခက်ခဲနေသည် ဟု ဦးရန်နှောင်ဟိန်းက ဆက် ပြောသည်။
“ကျနော်တို့ ဒီးမော့ဆို အရှေ့ခြမ်းဆိုရင် ကျနော်တို့ ရေအလှူရှင် ရှိရင်တောင်မှ ကျနော်တို့ သွားဖို့ အရမ်း ခက်ခဲ တယ်။ တစ်ခေါက် ကျနော် သွားဖူးတယ်။ ၂၀၀၀ ဂါလံကား နဲ့ပေါ့နော်။ အရမ်းကို ခက်ခဲတယ်။ တောင်က လည်း မတ်သလို ကျောက်အကြီးကြီးတွေလည်း ရှိတဲ့ခါကြတော့လေး လမ်းမှာ တောက်လျှောက် ဘီး ပေါက် တယ်။ တာယာတွေ ပွင့်ထွက်၊ ကွဲထွက် ကျနော်တို့ရေ ဟို့ဘက်ခြမ်းကို ရောက်ဖို့ အတွက်ကို ကျနော်တို့ မိုးချုပ် သွားတယ်။ လုံးဝ ခက်ခဲရင်တောင်မှ ဒီးမော့ဆို အနောက်ခြမ်းက ကျနော်တို့ အဆင်ပြေသေးတယ်ပေါ့နော်။ ဆိုင်ကယ်လေးနဲ့ သွားပြီးတော့ သွားတင်တာတို့ ဘာတို့ ရသေးတယ် ပေါ့နော်။ ဒါကတော့ အနည်းစုပါပဲ။ ဒီးမော့ဆို အရှေ့ခြမ်းကတော့ အဆိုးဆုံးပဲလို့ ကျနော် အနေနဲ့တော့ ပြောချင်တယ်။”
ရေပို့ဆောင်ခအတွက် ကားတစ်စီးလျှင် ၅၀,၀၀၀ ကျပ်နှင့်ထော်လာဂျီ တစ်စီးလျှင် ၂၀,၀၀၀ ကျပ် ပေးရသည် ဟု ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုမှ စစ်ရှောင်အမျိုးသမီးတစ်ဦးက ယခုကဲ့သို့ ပြောသည်။
“ဒီဖက်မှာတော့ ရေတော့ ရှားတယ်။ ဒါပေမဲ့ တစ်နေရာနဲ့ တစ်နေရာ မတူဘူး။ တစ်ချို့နေရာခါကြတော့ ရေလုံးဝမရှိဘူး။ ရေအဝေးက သယ်ယူရတာပေါ့နော်။ ကားနဲ့ သယ်ယူလို့ရှိရင် ရေက တစ်စီးကို ၅သောင်း ပေးရတယ်ပေါ့နော်။ ထော်လာဂျီနဲ့ဆိုရင် ၂သောင်း အဲ့လိုပေးရတယ်။ တစ်ချို့ခါကြတော့ ကိုယ်ပိုင်စက်တွေရှိ တဲ့လူခါကြ ကိုယ့်ကို ရေရှိတဲ့နေရာထိ သွားသယ်ယူ ရတာရှိတယ်။”
ရေသွားသယ်သည့် နေရာမှ စစ်ဘေးရှောင်ရှိသည့်နေရာကို နေ့တစ်ပိုင်း ကြာမောင်းပို့ရသည့် အနေအထားတွင် ရေ၏တန်ဖိုးမှာ အနည်းဆုံး ကျပ် ၁ သိန်းဖြစ်ပြီး ၁,၀၀၀ ဂါလံလျှင် ကျပ် ၂သိန်းမှ ၃သိန်းအထိ ပေးရသည် ဟု ဦးရန်နှောင်ဟိန်းက ဆိုသည်။
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ရှိ နေရာအများစုသည် နိုဝင်ဘာလမှ စတင်၍ ရေရှားပါးသည့် ပြဿနာကို စတင် ကြုံတွေ့လာကြခြင်း ဖြစ်သည်။
ယခုနှစ်သည် ပြီးခဲ့သည့်နှစ်ကထက် စစ်ရှောင်လူဦးရေ ပိုများလာပြီး စက်သုံးဆီးဈေးနှုန်း မြှင့်တက်လာမှုများ ကြောင့် သောက်သုံးရေ အခက်အခဲက ပိုမိုဆိုးရွားနေသည်ဟု ကရင်နီလူသားချင်း စာနာထောက်ထားမှု အသင်း (KHT) က ဆိုသည်။
စစ်ရှောင်များအား ကူညီပေးသည့် အသင်းအဖွဲ့များမှ သောက်သုံးရေ လှူဒါန်းမှုများကို လုပ်ပေးနေကြသော်လည်း စစ်ရှောင် စခန်းများလည်း ပိုမိုတိုးလာသည့်အတွက် လိုအပ်သူ အားလုံးဆီ မရောက်နိုင်သေးဘူးဟု အကူအညီ ပေးနေသူများက ဆိုသည်။
စစ်ဘေးရှောင် အများစုသည် ရေရှားပါသည့် အခက်အခဲအပြင် နေ့စဉ် အလုပ်အကိုင် မရှိသည့်အတွက် စားဝတ် နေရေးနှင့် ငွေရေးကြေးရေးဘက်၌လည်း ခက်ခဲနေကြသည်ဟု စစ်ရှောင်များက ပြောသည်။
ဓါတ်ပုံ – Zaw Min Htike