ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်ဆဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၂၀ ရက်။
ကချင်ပြည် ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ဆက်လက် ပြင်းထန်နေပြီး မြို့ကိုရတဲ့အထိ တိုက်သွားမည်ဟု ကချင် လွတ်လပ်ရေးအဖွဲ့ KIO က ပြောသည်။
KIA နှင့် ပူးပေါင်းတပ်တို့ အနေဖြင့် ဗန်းမော်ရှိ ခလရ ၄၇၊ စကခ (၂၁) တပ်များ အပါအဝင် စစ်ကောင်စီတပ် စခန်းအားလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆောင်ရွက်နေကြသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ဗန်းမော်ဘက်မှာ တိုက်ပွဲတွေ ဆက်ရှိတာပေါ့။ ဗန်းမော်ဘက်က အခြေအနေ မပြီးမချင်းကတော့ ဆက်ရှိမှာပေါ့နော်။ ရမှာပါ၊ ရအောင်တော့ တိုက်မှာပါ” ဟု ပြောသည်။
ဇန္နဝါရီလ ၁၉ ရက်နေ့ညတွင်လည်း ဗန်းမော်မြို့၊ ရွှေကျီးနား ရပ်ကွက်ထဲ စစ်ကောင်စီတပ်က လေကြောင်းတိုက် ခိုက်မှု လေးကြိမ် ပြုလုပ်ခဲ့ပြီး ဇန္နဝါရီလ ၂၀ ရက်နေ့ (ယနေ့) နံနက်ပိုင်းကလည်း ကရင်ကုန်း၊ ပင်စင်ကုန်းနှင့် ရွှေ ကျီးနားရပ်ကွက် ၀န်းကျင်တွင် လက်နက်ကြီးလက်နက်ငယ်ဖြင့် ပစ်ခတ်မှုရှိနေပြီး နေအိမ်များလည်း မီးလောင် ပျက်စီးမှုများ ရှိနေသည်ဟု မြို့ခံအချို့က ဆိုသည်။
ဗန်းမော်မြို့သည် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ၂၁၊ ခလရ ၄၇၊ ၁၂၁၊ ၂၃၆၊ ၂၃၇၊ အမြောက်တပ်၊ သံချပ်ကာတပ်၊ တင့်ကားတပ်များအပြင် ဆက်သွယ်ရေးတပ်၊ စစ်မြေပြင် စစ်လက်နက် ပစ္စည်း တပ်၊ ထောက်ပံ့ရေးတပ်၊ အင်ဂျင်နီယာတပ်၊ ဆေးတပ် စသည့် လက်ရုံးတပ်ဖွဲ့များ အခြေစိုက်ထားသော မြို့ ဖြစ်သည်။
စစ်ကောင်စီတပ်က ဗန်းမော်မြို့ကို လက်မလွှတ်ရရေးအတွက် လေကြောင်းမှ ပစ်ကူနေသည့်အပြင် ဒရုန်းများ ဖြင့်ပါ ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“မြေပြင်ကနေတော့ သူတို့က ထိုးလို့တော့ မရဘူး။ အကုန်လုံး သူတို့ကတော့ စခန်းမှာပဲ အောင်းပြီးမှ ခုခံနေတာ။ အဓိကတော့ လက်နက်ကြီးတို့ နောက်လေကြောင်းကိုပဲ အားပြုပြီးမှ တုန့်ပြန်နေတာ။”
ကချင်လွတ်လပ်ရေး တပ်မတော် KIA အနေဖြင့် မြို့သိမ်း၊ စခန်းသိမ်းစစ်ဆင်ရေးများ ဆက်လက် ဆောင်ရွက် နေပြီး ထိုးစစ်အရှိန်ကို တဆင့်ပြီး တဆင့် မြှင့်တင်လျှက်ရှိသည့်အပြင် အသက်မသေလိုသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကိုလည်း ခုခံတိုက်ခိုက်ခြင်းမပြုဘဲ အမြန်ဆုံးအလံဖြူထောင် လက်နက်ချကြရန် တိုက်တွန်းမှုများ ရှိနေသည်။
ဗန်းမော်မြို့တိုက်ပွဲထဲ ကလေးများအပါအဝင် အရပ်သားပြည်သူ သေဆုံးထိခိုက်မှုများ ဆက်တိုက်ရှိနေပြီး ဒီဇင် ဘာလကုန်အထိ အနည်းဆုံး အယောက် ၃၀ သေဆုံးခဲ့သည်ဟု ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ KHRW က ဆိုသည်။
ဗန်းမော်မြို့သိမ်း တိုက်ပွဲကြောင့် ဗန်းမော်၊ မိုးမောက်၊ ရွှေကူနှင့် မံစီမြို့နယ်တို့က ပြည်သူ လေးသောင်းခန့်က မြစ်ကြီးနားနှင့် မန္တလေးမြို့ကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး နေစရာနေရာနှင့် စားနပ်ရိက္ခာ၊ ဆေးဝါး အကူ အညီများ လိုအပ်နေသည်။
ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က စတင်၍ ဗန်းမော်မြို့နှင့် မံစီမြို့တို့ကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် ဇန္နဝါရီလ ၈ ရက် နေ့ တစ်လကျော်အကြာတွင် မံစီမြို့ကို အပြီး တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲက ဇန္နဝါရီလ တတိယပတ်အထိ ဆက်လက်ပြင်းထန်နေပြီး မြို့၏ နေရာအများအပြား ကိုမူ KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ယူထားပြီဟု မြေပြင်သတင်းအရင်းအမြစ်များက ဆိုသည်။