ကပစ ၂၁ အား ရှော့တိုက်ဒုံးပစ်ခတ်မှု အရာရှိ ၂ ဦး အပါအဝင် တပ်ဖွဲ့ဝင် ၉ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၂၀ ရက်။
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် အခြေစိုက် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၁)အား ရှော့တိုက်ဒုံး ပစ်ခတ်ခံရပြီး အရာရှိ ၂ ဦး အပါအဝင် တပ်ဖွဲ့ဝင် ၉ ဦး သေဆုံးသည်ဟု ပစ်ခတ်ခဲ့သည့် အဖွဲ့က ပြောသည်။
Brave Warriors For Myanmar (BMW) ဦးဆောင်သည့် မဟာမိတ်တပ်ပေါင်းစုများက စစ်ဆင်ရေး (Mission 31) ဖော်ဆောင်မှုအတွင်း ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးဖြင့် အလစ်ငိုက် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
BWM ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “တပ်ထဲက ဖရဲသီးနဲ့ မြေပြင်သတင်းပေါင်းပြီး အတည်ပြုတာပါ။ ရှော့ဒုံးပစ်လိုက်ပြီးတော့ ကပစက်ရုံမှာ နောက်ပေါက်ကွဲတာတွေ ကြားရတာလို့ ထိခိုက်မှုက ဒီထက်ကြီးနိုင်ပါ တယ်။ ကိန်းဂဏန်း အချက်အလက်အရ တိတိကျကျက ဒီလောက်ပဲ အတည်ပြုနိုင်သေးလို့ပါ။ ထပ်ဆင့် ပေါက်ကွဲမှုတွေ တော်တော်များခဲ့တယ်လို့ သတင်းရပါတယ်” ဟု ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို ဇန္နဝါရီလ ၁၈ ရက်နေ့၊ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရှော့တိုက် ဒုံး ပစ်ခတ်မှုကြောင့် စက်ရုံအမှတ် ၁၀၆၊ ၁၀၉ နှင့် ၂၀၁ တို့အား ထိမှန်ပျက်စီးခဲ့သည်။
ထို့အပြင် ပစ်ခတ်မှုဖြစ်စဉ်အတွင်း အချိန်ကြာမြင့်စွာ မီးလောင်ကျွမ်းမှုကြောင့် ဗုံးသီးများ ယာယီသိုလှောင်ထား သည့် နည်းပညာဆိုင်ရာ သိုလှောင်ခန်း (Technical Store) မှာလည်း ထပ်မံပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးမှာလည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟု မြေပြင်အရင်းအမြစ်များက ဆိုကြသည်။
BWM ပြန်ကြားရေး တာဝန်ရှိသူက “စကစဖက်ကတော့ ထုံးစံအတိုင်း လက်နက်ကြီးနဲ့ ရမ်းသမ်း ပြန်ပစ်တယ်။ အနီးအနား လက်လှမ်းမီတဲ့ ရွာတွေ မှာ ရမ်းကားတယ်။ လူဝင်ဆွဲတာတွေ၊ ရိက္ခာစုတာတွေ လုပ်နေတယ် ကြား တယ်။ ပြီးတော့ သူတို့လုပ်နေကြ ပေါ်တာဆွဲတာတွေ လာမှာပေါ့။ နောက်ပိုင်းအခြေအနေတော့ မသိတော့ပါ ဘူး။ စုံစမ်းထားတုန်းပါ” ဟု ဆက်ပြောသည်။
ကပစ ၂၁ မှာ နိုင်ငံတစ်ဝှမ်းရှိ စစ်ရးပစ်မှတ်နေရာများအား လေကြောင်းတိုက်ခိုက်ရာတွင် အသုံးပြုသည့် ပေါင် ၂၅၀၊ ပေါင် ၅၀၀ ဗုံးသီးများ၊ Cluster ဗုံး ခေါ် အတွဲလိုက် ဗုံးသီးများ အပါအဝင် ဗုံးသီးသီးအမျိုးမျိုး တီထွင်ထုတ်လုပ်နေသဖြင့် လေတပ်ဆက်စပ် ပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု BWM ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ ၂၀၂၅ ခုနှစ် ဇန္နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ကလည်း မကွေးတိုင်း၊ တောင်ငူမြို့ လေတပ်စခန်း ဌာနချုပ်အား BWM အဖွဲ့က ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်ခဲ့ရာ K8 တိုက်လေယာဉ် ၂ စီး၏ အရှေ့ပိုင်း ကိုယ်ထည်များ ပျက်စီးခဲ့သေးသည်။