ပအိုဝ်းဒေသ စစ်ရှောင်များ နေရပ် မပြန်နိုင်သေး၊ အကူအညီများ လိုအပ်။

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၂၀ ရက်။ 

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသတွင် စစ်ရေး တင်းမာမှုများကြောင့် စစ်ရှောင်များ နေရပ်သို့ ပြန်၍ မရသေးဘဲ အရေးပေါ် အကူအညီများလည်း လိုအပ်နေသည်ဟု အကူအညီ ပေးနေသူများက ပြောသည်။

လက်ရှိ ပအိုဝ်းဒေသများဖြစ်သော ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံးမြို့နယ်တို့တွင် စစ်ဘေးရှောင်များ ပြန့်ကျဲ နေထိုင် နေကြရပြီး စစ်ဘေးရှောင် ၃ ပုံ နှစ်ပုံခန့်မှာ အရေးပေါ်အကူညီများ လိုအပ်နေဆဲဖြစ်သည်ဟု စစ်ဘေးရှောင်များ ကို အကူအညီပေးနေသည့် ပအိုဝ်း အရပ်ဖက် အဖွဲ့အစည်းများက ပြောသည်။ 

စစ်ဘေးရှောင်များအတွက် အရေးပေါ် စားနပ်ရိက္ခာများအပြင် လက်ရှိ ဆောင်းရာသီအတွင်း အနွေးထည်များ၊ နေရာထိုင်ခင်းနှင့် သောက်သုံးရေ အခက်ခက်များပါ ကြုံလာရသည်ဟု ပအိုဝ်းအမျိုးသမီးများသမဂ္ဂ Pa-O Women’s Union (PWU)မှ တွဲဘက် အထွေထွေ အတွင်းရေးမှူး (၁) နှင်းနှင်းက ပြောသည်။

“ရွာဘက်မှာ ရှိတဲ့ ပအိုဝ်းစစ်ရှောင်တွေကျတော့ တဲအိမ်နဲ့ ဆောက်ထားပြီး နေကြတာများတယ်။ အခုလို ဆောင်းရာသီဆို အနွေးထည် လိုအပ်ကြတယ်၊ တစ်တဲထဲမှာ ကြပ်ကြပ်နဲ့ နေကြရတယ်။ ပွင့်လင်းရာသီဆိုလည်း ရေကရှားတော့ ရေရဖို့ အဝေးကြီးမှာ သွားသယ်ရတယ်။”

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် ပအိုဝ်းသဒေများတွင် ဆက်ပြီးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ဦးရေ ၆၅,၀၀၀ နီးပါးကျန်ရှိနေသေးသည်ဟု ပအိုဝ်း လူငယ်အစည်းအရုံး PYO က ဇန္နဝါရီလ ၁၅ ရက်နေ့တွင် ထုတ် ပြန် ပြောဆိုထားသည်။

စစ်ဘေးရှောင်ကာလ ကြာလာသည်နှင့်အမျှ အလုပ်အကိုင်ရှားပါးခြင်း ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းများကြောင့် စားဝတ်နေရေး အခက်အခဲများနှင့်လည်း ရင်ဆိုင်နေကြရသည်ဟု ဆိုသည်။

ထို့အပြင် အမျိုးသမီး၊ ကလေးငယ်နှင့် နာတာရှည်ရောဂါသည်များအတွက်လည်း ဆေးဝါးနှင့်အကူညီများ လိုအပ်နေသည်ဟု ပအိုဝ်းအမျိုးသမီးများသမဂ္ဂ Pa-O Women’s Union (PWU)မှ တွဲဘက်အထွေထွေ အတွင်းရေးမှူး (၁) နှင်းနှင်းက ဆက်ပြောသည်။

“ကိုယ်ဝန်သည် အမျိုးသမီးတွေဆိုရင်လည်း ဆေးရုံ ဆေးခန်းနဲ့ ဝေးလို့ မွေးခါနီး ငွေကြေးအခက်အခဲအပြင်၊ မွေးမယ့်နေရာတို့လည်း ဝေးလံခေါင်ဖျားတဲ့အတွက် လက်လှမ်းမမှီတာမျိုး ရှိတယ်။ တစ်ချို့ မွေးကင်းစ ကလေးတွေ ဆိုရင်လည်း လိုအပ်တဲ့ အာဟာရ မပြည့်ဝတာတို့ မိခင်နို့ မထွက်တာတို့လည်း ကြုံတွေ့နေကြရ တယ်။ တစ်ချို့ နာတာရှည်ရောဂါသည်တွေ ဆိုရင်လည်း ပုံမှန်သုံးဆောင်နေရတဲ့ ဆေးဝါးမရရှိလို့ ခက်ခဲနေတာ မျိုးရှိတယ်။”

လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ  ဆီဆိုင်နှင့် မောက်မယ် တို့တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNA ပူးပေါင်းတပ်နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA တပ်တို့အကြား စစ်ရေးတင်းမာ မှုများ ဆက်ရှိနေသည်ဟု ဒေသခံများက ဆိုသည်။

စစ်ဘေးရှောင်များအနေဖြင့် နေရပ်ပြန်ရန် လုံခြုံမှု မရှိသေးသည့်အပြင် နေအိမ်ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ကြောင့် အများစုမှာ နေရပ်သို့ မပြန်နိုင်ကြသေးဘဲ စစ်ဘေးရှောင်နေရသည်မှာ တစ်နှစ်နီးပါး ရှိလာပြီဟု ပအိုဝ်း လူငယ်အစည်းအရုံး PYO တာဝန်ရှိသူ လီလီက ပြောသည်။

စစ်ကောင်စီ ရှိနေသေးတာရယ်ကြောင့် ပစ်ခတ်မှုတွေ၊ အပြန်အလှန် ဒရုန်းပစ်ခတ်မှုတွေ၊ လေကြောင်းမှ ဗုံးတွေကြဲမှုတွေ နေရပ်မှာ စစ်ရေးတင်မာနေသေးတာရယ်၊ ရံဖန်ရံခါ တိုက်ပွဲဖြစ်နေသေးတာရယ်၊ မိုင်းရှင်း လင်းမှု မရှိတာရယ်၊ ပြန်စရာ နေအိမ်မရှိတာရယ်ကြောင့် မပြန်နိုင်သေးကြတာ ဖြစ်တယ်။

၂၀၂၄ ခုနှစ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံ ၁၂၆ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိခဲ့ သည် ဟုဆိုသည်။ ထို့အပြင် နေအိမ်နှင့်အဆောက်အဦးပေါင်း ၁၅၀၀ နီးပါးလည်း ပျက်စီးခဲ့ရသည်ဟု PYO ၏ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် လက်ရှိ မောက်မယ်မြို့နယ် ဟိုနမ့်ဒေသတွင် နိုဝင်ဘာလ ၂၀ ရက်နေ့မှ စတင်ကာ ပအိုဝ်းပြည်သူ့စစ် အဖွဲ့ PNA၊ စစ်ကောင်စီ ပူးပေါင်းတပ်တို့ ထိုးစစ်ဆင်လာပြီး တိုက်ပွဲများ ဖြစ်ပွားသောကြောင့် ဒေသခံများ ထပ်မံ စစ်ဘေး တိမ်းရှောင်နေကြရသည်ဟု လီလီမှ ဆက်ပြောသည်။

“အသစ်ရှောင်ကြရတဲ့ ဒေသခံတွေရှိသလို၊ ရှောင်ပြီးသား ဒေသခံပြည်သူတွေ တိမ်းရှောင်ကြရပါတယ် ရှင့် အထူးသဖြင့် ဆီဆိုင်မြို့၏ အရှေ့ဘက်နဲ့ မောက်မယ်မြို့နယ် ဟိုနမ်ကျေးရွာအုပ်စုဘဲ ဖြစ်ပါတယ်။”

လက်ရှိ ထွက်ပြေးတိမ်းရှောင်နေရသော ဟိုနမ့်ကျေးရွာမှ ဒေသခံ အရေးအတွက်ကို မသိရသေးပဲ PYO မှ စာရင်းကောက်ယူနေဆဲ ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ၂၀၂၄ ဇန္နဝါရီလ ၂၁ ရက်နေ့တွင် စတင်ခဲ့သော ဆီဆိုင်တိုက်ပွဲသည်လည်း ရပ်တန့်သွားခြင်းမရှိဘဲ လက်ရှိ အချိန်အထိ စစ်ရေးတင်းမာမှုများ ဆက်ရှိနေသည်။ 

ထိုအခြေအနေများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များသည် နေရပ်ပြန်၍ မရသေးဘဲ ဆက်ပြီး စစ်ရှောင်နေရဆဲဖြစ်သည့်အတွက် ကူညီထောက်ပံ့မှုများ အရေးပေါ်လိုအပ်နေသည်ဟု စစ်ဘေးရှောင် အရေး ကူညီဆောင် ရွက်ပေးနေသူများက ဆိုသည်။

Photo-Ye Naung Seven Colour – ဆီဆိုင်မြို့နယ် အရှေ့ဖက်ခြမ်း၊ ထီဆုံကျေးရွာ စစ်ရှောင်များ