စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း အမျိုးသမီး ၂၅၇ ဦး သေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၂၀ ရက်။ 

မြန်မာနိုင်ငံတစ်ဝှမ်း စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း အမျိုးသမီး ၂၅၇ ဦး ထိခိုက်သေဆုံးခဲ့သည်ဟု မြန်မာ့ အမျိုးသမီးသမဂ္ဂ ( BWU) က ပြောသည်။

မြန့်မာ့အမျိုးသမီး သမဂ္ဂ (BWU) က ကောက်ယူရရှိသည့် အချက်အလက်အရ ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတစ်ဝှမ်း အမျိုးသမီး ၄၇၈ ဦး သေဆုံးခဲ့ရာ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ၂၅၇ ဦး သေဆုံးခဲ့ပြီး ၁၉၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည် ဟု (BWU) က ဇန်နဝါရီလ ၂၀ ရက်နေ့ ထုတ်ပြန်သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝှမ်း အမျိုးသမီးအများဆုံး ထိခိုက်သေဆုံးခဲ့ရသည့် အခြေအနေနှင့် ပတ်သက်၍ (BWU) ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး-၂ ဒေါ်ယဉ်မျိုးလှိုင်က ယခုကဲ့သို့ ပြောသည်။

“ဒီနောက်ပိုင်းမှာဆိုရင် အများစု ဥပဒေ၊ ထုတ်ပြန်ကြေညာချက်တွေ၊ Military service law (စစ်မှုထမ်း ဥပဒေ) တွေ ပေါ့နော်။ အဲ့တာတွေထုတ်ပြန်ချက်တွေ လည်းရှိတော့ အများစု ရွာတွေမှာ ကျန်ရှိနေတာက သက်ကြီးရွယ်အို အမျိုးသမီးတွေ ရှိမယ်။ အမျိုးသမီးငယ်တွေ ရှိမယ်ပေါ့နော်။ ဆိုတော့ အဲ့ဒီမှာ ဆိုလို့ရှိရင် လေယာဉ်ဗုံးကြဲတာ လက်နက်ကြီး ပစ်ခတ်တာတွေက ရွာတွေကို အများဆုံး ပစ်မှတ်ထားတာ ဖြစ်တယ် ပေါ့ နော်။ ဆိုတော့ ဒီလို တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးတွေ သေဆုံးမှု ပိုများတယ်လို့ မှတ်ချက် ပေးချင်တာ ပေါ့နော်” 

ထို့အတူ စစ်ကောင်စီတပ်၏ စစ်ရေးပစ်မှတ် အရပ်သားပစ်မှတ် မခွဲခြားဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ကြောင့် အမျိုးသမီး ၁၄၂ ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် ၆၆ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၇ ဦး၊ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုများကြောင့် ၆ ဦး နှင့် မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)  မှ သေဒဏ် ပေးမှုကြောင့် ၁ ဦးတို့ သေဆုံးခဲ့သည် ဟု ဆိုသည်။

မြန်မာနိုင်ငံတစ်ဝှမ်းတွင် အမျိုးသမီး ၄၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ၁၉၁ ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၁၅၂ ဦး၊ မတရား သတ်ဖြတ်ခံရမှုကြောင့် ၁၀ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၄၂ ဦး၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် ၁၂ ဦးနှင့် အကြမ်းဖက် စစ်အုပ်စု၏ အကျဉ်း ထောင်တွင်း နှိပ်စက်မှုများကြောင့် ၅ ဦး တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ 

စစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ် မဟုတ်သည့် ပြည်သူများ နေထိုင်သည့်နေရာများ၊ ကျေးရွာများကို လေကြောင်း အသုံးပြု တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာသည့်အပေါ် မွန်ပြည် လူသားချင်းစာနာမှု ကွန်ယက်အဖွဲ့ (MSHN) က မိဆောင်းကလည်း ယခုကဲ့သို့ ပြောသည်။

“တော်လှန်ရေး အင်အားစုတွေ စိုးမိုးထားတဲ့ နေရာတွေမှာ သူတို့ ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေကို ဖျက်ဆီး လိုက်ခြင်းဖြင့် တခြားနယ်မြေက ပြည်သူနဲ့ တော်လှန်ရေးအင်အားစုတွေကို သွေးခွဲလို့ ရတယ်လေ။ တော်လှန် ရေး အင်အားစုတွေကို ပေးနေလို့ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးရတာဆို‌တဲ့ ကြောက်စိတ်သွင်းတာ။ အခု လို ပြည်သူတွေအပေါ် လေကြောင်းနဲ့ တိုက်ခိုက်ပြီး လူ့အခွင့်အရေးချိုးဖေါက်နေတယ်ဆိုတာကို သိချင်မှ သိပါ လိမ့်မယ်။”

တစ်နှစ်တာအတ္ငင်း သေဆုံးခဲ့ရသည့် အမျိုးသမီးဦးရေမှာ စစ်ကိုင်းတိုင်းဒေသကြီးမှ ၁၀၉ ဦး၊ ရှမ်းပြည်နယ်မှ ၉၂ ဦး၊ ရခိုင်ပြည်နယ်မှ ၈၃ ဦးနှင့် မန္တလေးတိုင်းဒေသကြီး မှ ၆၇ ဦးတို့ ဖြစ်ကြပြီး စစ်ကိုင်းတိုင်းဒေသကြီးသည် ၂၀၂၄ ခုနှစ် အတွင်း အမျိုးသမီး သေဆုံးမှု အများဆုံး ဖြစ်သည်ဟု BWU ကဆိုသည်။

နိုင်ငံတစ်ဝှမ်း အမျိုးသမီး ထိခိုက်သေဆုံးမှု အရေအတွက်သည် မြေပြင်တွင် ယခုထက်ပို၍ များနိုင်သည် ဟု လည်း (BWU) ၏ ထုတ်ပြန်ချက်က ဆိုသည်။

ဓါတ်ပုံ – လွတ်လပ်သော မွန်သတင်းအေဂျင်စီ