မွန် တော်လှန်ရေး အဖွဲ့ MSRO ကို ဖျက်သိမ်းပြီး မွန်ပြည်လွတ်မြောက်ရေး တပ်မတော် (MLA) နှင့် ပူးပေါင်းမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၂၁ ရက်။
တော်လှန်ရေးဆိုင်ရာ ကိစ္စရပ်များ ပိုမိုခရီးရောက်စေရန်အတွက် မွန်ပြည်နယ် အခြေပြု တော်လှန်ရေး အဖွဲ့ MSRO ကို ဖျက်သိမ်းပြီး မွန်ပြည်လွတ်မြောက်ရေး တပ်မတော် (MLA) နှင့် ပူးပေါင်းကာ တပ်ဖွဲ့ တစ်ခုတည်းအဖြစ် ဖွဲ့စည်းသွားမည်ဟု အဖွဲ့ တာဝန်ရှိ သူများက ပြောသည်။
MSRO ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “၂၀၂၁ နွေဦးတော်လှန်ရေး အစကတည်းက မွန်ပြည်နယ်မှာ အခြေ ပြုပြီးတော့ လှုပ်ရှားနေရတဲ့ တော်လှန်ရေးအင်အားစုတွေက ပုံစံအမျိုးမျိုးနဲ့ ကြံ့ကြံ့ခံပြီးတော့ ဖြတ်သန်း လာ ခဲ့ကြတာ ဖြစ်တယ်။ လက်ရှိ မွန်ပြည်နယ်ရဲ့ တော်လှန်ရေး အခြေအနေအရ ရာမညစစ်ကြောင်း ပေါ်ပေါက် လာပြီးတော့ အနာဂတ်မှာ မွန်တပ်တစ်ခုတည်း ရှိရမယ်ဆိုတဲ့မူကို ကျနော်တို့ လက်ခံလို့ MLA နဲ့ ပြည့်ပြည့်ဝဝ ပူးပေါင်းဖို့ကို ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ လက်ရှိအချိန်ကလည်း ဘုံရန်သူကို ထိထိရောက်ရောက် ချေမှုန်းနိုင် ဖို့ အကောင်းဆုံး အချိန်ဖြစ်တယ်လို့လည်း မြင်တယ်။ အဲ့အတွက်ကြောင့်မို့ MSRO အနေနဲ့ MLA ရဲ့ COC အောက်မှာ အလုံးစုံပူးပေါင်းကြောင်းကို ဆုံးဖြတ်ချက် ချခဲ့ကြတာဖြစ်တယ်” ဟု ပြောသည်။
MSRO ၏ ဇန္နဝါရီလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ ၃ နှစ်တာကာလ တော်လှန်ရေး အတွေ့အကြုံများနှင့် လက်ရှိ တော်လှန်ရေး အခြေအနေမျာအား အဖွဲ့အချင်းချင်း အပြန်အလှန် ဆွေးနွေးပြီးနောက် ပိုမိုထိရောက် သည့် နည်းလမ်းများဖြင့် စစ်ကောာင်စီအား ဆက်လက်တော်လှန်သွားမည်ဟု ဖော်ပြထားသည်။
MSRO ပြန်ကြားရေး တာဝန်ရှိသူက “ကျနော်တို့အနေနဲ့ MLA ရဲ့ COC အောက်မှာ အလုံးစုံ ပူးပေါင်းလိုက်တဲ့ အခါ အရင်လို သီးသန့်လှုပ်ရှားတာထက် ပိုပြီးတော့ အရှိန်ပြင်းပြင်းနဲ့ ပိုခရီးရောက်မယ်လို့ ကျနော်တို့ ယုံကြည် တယ်။ အခက်အခဲကတော့ အမြဲတမ်းတွေ့နေရဦးမှာပဲ အမြဲတမ်း ကြုံနေရဦးမှာပဲ။ ကျနော်တို့ တော်လှန်ရေး ကို တော်လှန်ရေးလို လုပ်ပြီးတော့ ရှေ့ဆက်လျှောက်နေဦးမှာပါ” ဟု ဆက်ပြောသည်။
MSRO တပ်ဖွဲ့အား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် မွန်တိုင်းရင်းသား လူငယ်အမာခံများဖြင့် ဖွဲ့စည်း တည် ထောင်ခဲ့ပြီး ကနဦးကာလများ၌ မြို့ပြ ပြောက်ကျား လှုပ်ရှားမှုဖြင့်သာ စတင်ခဲ့ရသည်။
ထို့နောက် ဒေသခံ တော်လှန်ရေး တပ်ဖွဲ့များ၊ PDF များ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်များ (EROs) နှင့် ပူးပေါင်းကာ တော်လှန်ရေး ၃ နှစ်တာ ကာလအတွင်း စစ်ကောင်စီအား တော်လှန်ခဲ့ကြသည်။
လက်ရှိ MLA အဖွဲ့အစည်းတွင် မွန်ပြည် အခြေစိုက် တော်လှန်ရေးအဖွဲ့ ၄ ဖွဲ့ ပူးပေါင်းလျက်ရှိပြီး ရေးမြို့နယ်ဘက် တွင် စစ်ရေးလှုပ်ရှားရန် ရည်ရွယ်သည်ဟု တာဝန်ရှိသူများက ပြောဆိုထားသည်။