AA ထိန်းချုပ်ထားသည့် မြို့နယ်များကို စစ်ကောင်စီတပ်က နေ့စဉ် ဗုံးကြဲတိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၂၁ ရက်။
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် AA က ထိန်းချုပ်ထားသည့် မြို့နယ်များထဲ စစ်တပ်က နေ့စဉ်နှင့်အမျှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေမှုများကြောင့် ဒေသခံပြည်သူများ၊ စစ်ရှောင်များ အရေးပေါ် ပြောင်းရွှေ့နေကြရသဖြင့် အခက်အခဲများ ကြုံနေရကြသည်။
ဇန္နဝါရီလ ပထမပတ်မှစတင်၍ တတိယပတ်ထိ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ကျောက်တော်၊ မြောက်ဦး စသည့်မြို့နယ် များထဲက အရပ်သား ပြည်သူများ နေထိုင်သည့် ရပ်ရွာများနှင့် စစ်ရှောင်စခန်းနေရာများ အပြင် စစ်သုံ့ပန်း မိသားစုဝင်များ ထားရှိသည့် နေရာတို့ကိုပါ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်ခဲ့ ခြင်း ဖြစ်သည်။
ကျောက်တော်မြို့ခံ အမျိုးသားတစ်ဦးက “ကျနော်တို့လည်း ပြောင်းဖို့ ရွှေ့ဖို့က ဘယ်ကို သွားရမှန်း မသိတော့ဘူး။ ဘယ် နေရာပဲ သွားသွား လေယာဉ်ကနေ ဗုံးကြဲတာက နေရာတိုင်းမှာ ဖြစ်နေတယ်။ တစ်နေရာကနေ တစ် နေရာကို ပြောင်းဖို့ သွားဖို့လာဖို့ကလည်း အဆင်မပြေဘူး။ လူကြီးတွေ၊ အဖိုးအဖွားတွေလည်း ပါတယ်။ ဒီလူ တွေလည်း အားလုံးက ဘာလုပ်ရမလဲ မသိကြဘူး အဲ့လိုမျိုးတော့ ဖြစ်ကြတာပေါ့နော်” ဟု ပြောသည်။
မြောက်ဦးမြို့နယ်၊ ရမ်းချောင်း အနီးတဝိုက်ကို စစ်ကောင်စီတပ်က ဇန္နဝါရီလ ၁၈ ရက်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင်း ကလေးနှင့် အမျိုးသမီး စုစုပေါင်း ၂၈ ဦး သေဆုံးခဲ့ပြီး ၂၅ ဦး ဒဏ်ရာ ရရှိခဲ့သည် ဟု အာရက္ခတပ်တော် AA က ထုတ်ပြန်ထားသည်။
မြေပြင် သတင်းအရင်းအမြစ်တစ်ဦးက “၁၈ ရက်နေ့ ညနေ ၄ နာရီနောက်ပိုင်းကို ဆက်တိုက် သုံးကြိမ် ကြဲချခဲ့ တာပါ။ ဖြစ်တာက ရမ်းချောင်းနား တဝိုက်ပေါ့။ ရမ်းချောင်းတဝိုက်ကို ကြဲသွားတာပါ။ စစ်သုံ့ပန်းတွေ မိသားစု တွေ နေတဲ့နေရာကို ဗုံးကြဲခံရတာပါ။ မီဒီယာတွေမှာ ပြောနေသလို စစ်သုံ့ပန်းတွေ ထားတဲ့နေရာမဟုတ်ပါဘူး။ တကယ်တော့ စစ်သုံ့ပန်းမိသားစုဝင်တွေ၊ ကလေးတွေ၊ အမျိုးသမီး၊ သက်ကြီးပိုင်းတွေပေါ့။ သေတာက ၃၀ လောက်ရှိတယ်” ဟု ပြောသည်။
ထိခိုက်ဒဏ်ရာ ရရှိသူများထဲတွင် အချို့မှာ အရေးပေါ် ဆေးကုသမှု ခံယူနေရပြီး ဒဏ်ရာ ပြင်းထန်သူများ ရှိသော ကြောင့် သေဆုံးသူ ထပ်တိုးလာနိုင်သည်ဟု AA က ဆိုသည်။
အလားတူ ဇန္နဝါရီလ ၁၁ ရက်နေ့ကလည်း ကျောက်တော်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦးသေဆုံးခဲ့ပြီး ၂၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။
ဇန္နဝါရီလ ၈ ရက်နေ့ကလည်း ရမ်းဗြဲမြို့နယ်ထဲက ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီက ဂျက်တိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၂၆ ဦး သေဆုံးပြီး ၂၇ ဦးဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် အလုံးရေ ၄၀၀ နီးပါး မီးလောင်ပျက်စီးခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။
ကျောက်နီမော်ကျေးရွာတွင် နေထိုင်သူ တစ်ဦးက “တိုက်ပွဲမဖြစ်ဘဲ ဒီတိုင်းကြီး လာကြဲသွားတာ။ ရုတ်တရက် ကြီးပေါ့နော်၊ လာကြဲတာ၊ သေတာရော ဒဏ်ရာ ရတာတွေရော ကျန်ခဲ့တဲ့ မိသားစုတွေကလည်း စိတ်ပိုင်းဆိုင်ရာ အဆင်မပြေကြတော့ဘူး” ဟု ပြောသည်။
ထို့အပြင် ဇန္နဝါရီ ၅ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ အင်ဇုံပြင်ကျေးရွာအနီးရှိ ဒေသခံများ ဖုန်းပြောဆို နေ သည့် နေရာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၄ ဦးသေဆုံးခဲ့သည်ဟု ရခိုင်သတင်းမီဒီယာများက ဆိုသည်။
နိုင်ငံတစ်အနှံ့တွင် စစ်ရှုံးနေသော စစ်ကောင်စီတပ်သည် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ ဘာသာရေး အဆောက်အုံများ၊ လမ်းတံတားများ၊ စစ်ဘေးရှောင်စခန်းများ နှင့် လူနေထူထပ်သော နေရာများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်နေခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်သည် အရပ်သား ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်သည့် လုပ်ရပ်များကို တရားလက်လွတ် ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိသည်ဟု AA က ဆိုသည်။
၂၀၂၅ ခုနှစ် အစောပိုင်းကာလမှ စတင်၍ အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုများကို စစ်ကောင်စီက ခပ်စိပ်စိပ် လုပ် လာသောကြောင့် လေကြောင်းရန် နှင့် လေကြောင်း အန္တရာယ်ကို ယခင်ထက် ပိုမိုသတိထားကြပါရန်၊ အင်တာ နက်၊ ဖုန်းသုံးစွဲမှုများကို သတိထား သုံးစွဲကြရန် AA က သတိပေး တိုက်တွန်းထားသည်။