၂၀၂၅ ခုနှစ်တွင် ခက်ခဲကြမ်းတမ်းမှုများ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး ရရန် ကရင်နီ ပြည်သူများမျှော်လင့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၂၁ ရက်။
စစ်ရေး ပဋိပက္ခများကြောင့် ကြုံတွေ့နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုများနှင့် ဆုံးရှုံးမှုကို ၂၀၂၅ ခုနှစ်တွင် ငြိမ်းချမ်းရေးနှင့်အတူ အဆုံးသတ်နိုင်ရန် မျှော်လင့်သည်ဟု ကရင်နီပြည်သူများက ပြောသည်။
အာဏာသိမ်းချိန်မှစ၍ လက်ရှိအချိန်အထိ စစ်ရေး ပဋိပက္ခများကြောင့် ကရင်နီ ပြည်သူများသည် နေထိုင်စား သောက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အခက်အခဲအပြင် အသက်သေဆုံးနိုင်သည့် ဘေးအန္တရာယ် အမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး အဆိုပါ ခက်ခဲမှုများကို ၂၀၂၅ ခုနှစ်ထဲတွင် အဆုံးသတ်နိုင်ရန် မျှော်လင့် သည်ဟု ဒီးမော့ဆိုမြို့နယ်ထဲရှိ လွိုင်နန်းဖကျေးရွာနေ CDM ဘက်စုံသားဖွားဆရာမ တစ်ဦးက ပြောသည်။
၎င်းက “၂၀၂၅မှာ အာဏာရှင် ပြုတ်ကျပီးတော့ အမတို့ လွတ်လပ်ခွင့် အပြည့်အဝ ရရှိချင်တယ်။ လူမှုရေး စီးပွားရေး စားဝတ်နေရေး အဘက်ဘက်ကို လွတ်လွတ်လပ်လပ်နဲ့ လုပ်ချင်တယ်။ လေယာဉ်ကြောက်ရ၊ လက်နက်ကြီး ကြောက်ရ၊ မိုင်းကြောက်ရတဲ့ ဘဝမျိုးကနေ လွတ်မြောက်ချင်တယ်။ အမတို့ CDM လုပ်တယ် ဆိုတာ အာဏာ ရှင်ကို မလိုလားလို့ ပေါ့နော။ ၂၀၂၄ မှာ မစည်းလုံးခဲ့သမျှ စည်းလုံးကြမယ်။ ထိရောက်မှု မရှိခဲ့ သမျှ ထိရောက်မှု ရှိအောင် ဆောင်ရွက်မယ်ဆိုရင် ပြည်သူတွေ ပေးဆပ်ထားတဲ့ အိုးအိမ်တွေ အနစ်နာခံမှုတွေ အားလုံးရဲ့ အသက်တွေ တိကျတဲ့အဖြေ တစ်ခုကို ပေးနိုင်ကြမယ်လို့ ထင်မိတယ်” ဟုပြောသည်။
ကရင်နီတော်လှန်ရေး ရဲဘော်တစ်ဦးကလည်း ၂၀၂၅ ခုနှစ်တွင် ၎င်း၏ မျှော်လင့်ချက်ကို ယခုကဲ့သို့ ပြောသည်။
ကရင်နီတော်လှန်ရေး ရဲဘော်တစ်ဦးက “ရဲဘော်တစ်ယောက်အနေနဲ့ ကျနော်မျှော်လင့်တာကတော့ တစ်ခြား သာမာန် ပြည်သူလိုပါပဲ။ စစ်ကောင်စီ မြန်မြန် ပြုတ်ကျလေ ကောင်းလေပဲ။ ကျနော်လည်း ငြိမ်းချမ်းတဲ့ နိုင်ငံမှာ ငြိမ်းချမ်းတဲ့ ပြည်နယ်မှာ ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ် ရှာဖွေ စားသောက် ချင်တယ်” ဟု ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်ထဲတွင် စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ်၊ အရပ်သားပစ်မှတ် မခွဲခြား ဘဲ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် ကလေးငယ်များ၊ ကိုယ်ဝန် ဆောင်မိခင်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ အပါအဝင် လူပေါင်းများစွာ အသက်သေဆုံးခဲ့ရသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ပညာသင်ယူရာတွင်လည်း စိုးရိမ်စိတ်များကို ဖြစ်ပေါ်စေသည်ဟု ကရင်နီ ကျောင်းသား/သူများက ပြောသည်။ထို့ကြောင့် ၂၀၂၅ ခုနှစ်တွင် ပညာကို လွတ်လပ်စွာ သင်ယူနိုင်ရန် မျှော်လင့်သည်ဟု ထိုင်း-ကရင်နီ နယ်စပ်ရှိ ဆယ်သဲကောလိပ်တွင် ပညာ သင်ယူနေသည့် ကျောင်းသူတစ်ဦးက ပြောသည်။
“အခုပညာသင်ယူနေတဲ့ အချိန်မှာ ဒီလေယာဉ်တို့ ဒရုန်းသံတို့ ကြားနေရတဲ့ အချိန်မှာဆို ကျမတို့က ကျောင်း တွေပိတ်၊ ကျောင်းတွေ နားလိုက်ရတဲ့ အချိန်တွေ ရှိတာပေါ့နော်။ သူများနိုင်ငံမှာဆိုရင် ကောင်းကောင်း မွန်မွန် နဲ့ ပညာသင်နေရတဲ့ အချိန်မှာ ကျမတို့က တောထဲ၊ ဝါးရုံး ကြားထဲမှာပဲ အဆောင်လေး သေးသေးလေးကို ဆောက်ပြီးတော့ အဖွဲ့လိုက် အစုလိုက် နေနေရတယ်။ ဖြောင့်ဖြောင့်ဖြူးဖြူးနဲ့ မအိပ်ရဘူး။ ပြီးတော့ လေယာဉ် သံကြားပြီဆိုရင် ကိုယ့်ရဲ့ အရေးပေါ် အိတ်လေးကို ယူပြီးတော့ မြောင်းထဲမှာ ပြေးပြီးတော့ ပုန်းနေရတယ်။ ပြီးတော့ ဒီစားဝတ်နေရေး အပိုင်းမှာလည်း အခက်အခဲ ဖြစ်တယ်။ အဲ့ဒါကြောင့်မို ဒီ ၂၀၂၅ တော်လှန်ရေးကို အမြန်ဆုံး ပြီးမြောက်ဖို့ကို ကျမ မျှော်လင့်ထားပါတယ်။ ဒီ ၂၀၂၅ မှာ ငြိမ်းချမ်းရေး တစ်ခုကို ပိုပြီးတော့ မျှော် လင့်ထားတယ်။”
ထို့အပြင် တိုက်ပွဲများကြောင့် ပြည်သူများသည် အိုးအိမ်စွန့်ခွာကာ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေ ကြရပြီး အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေကြရသည့်အတွက် ၂၀၂၅ ခုနှစ်ထဲတွင် တော်လှန်ရေးကို အဆုံးသတ် နိုင်ရန် အားလုံးတွင် တာဝန်ရှိသည်ဟု ဒီးမော့ဆိုမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“ပြည်သူလူထု တစ်ယောက်အနေနဲ့ တော်လှန်ရေးကို အဆုံးသတ်ချင်ပြီ။ သို့ပေမဲ့လည်း အဲ့ဒီ အဆုံးသတ်ဟာ ကောင်းတဲ့ အဆုံးသတ် ဖြစ်စေချင်တာပေါ့နော်။ ကျနော်တို့ ထိထိမိမိနဲ့ လုပ်ဆောင် ကြိုးစားမယ်ဆို ဒီတော် လှန်ရေးဟာ ပိုပြီးတော့ မြန်ဆန်စေမယ်။ အဓိက တော်လှန်ရေးဆိုတာ တော်လှန်ရေးလုပ်နေတဲ့ တော်လှန် ရေးသမားပဲ မဟုတ်ဘဲနဲ့ ပြည်သူတွေ အားလုံးရဲ့ တော်လှန်ရေး ဖြစ်တဲ့အခါမှာ ပြည်သူတွေက စိတ်မဝင်စားဘဲ နေလို့မရတော့ဘူး။ ဒီအချိန်မှာ ပိုပြီးတော့ အားစိုက်ရမယ်။ ပြည်သူတွေက ဒီထက်ပိုပိုပြီးတော့ ပါဝင်လုပ် ဆောင်ပေးရင်တော့ ပိုပြီးတော့ ထိရောက် လျင်မြန်လိမ့်မယ်လို့ ပြောချင်တယ်ပေါ့နော်။”
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ခူးဦးရယ် က ၂၀၂၅ ခုနှစ်တွင် ခွန်အားသစ်များနှင့်အတူ စွန့်လွတ်မှုကို ပိုမိုဦးတည်ပြီး ညီညွတ်စွာဖြင့် တော်လှန်ရေး ခရီးကို အဆုံးထိ ချီတက်သွားကြရန် ယုံကြည် မျှော် လင့်သည်ဟု နှစ်သစ်မိန့်ခွန်းထဲတွင် ပြောဆိုထားသည်။
ထို့အပြင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF အနေဖြင့်လည်း ၂၀၂၅ ခုနှစ်အတွင်း အောင်ပွဲများ ရရှိနိုင်ရန် ပြင်ဆင်နေပြီး လက်ရှိအချိန်ထိ ယိုင်နဲ့နေပြီ ဖြစ်သော်လည်း မပြိုလဲသေးသည့် စစ်အာဏာရှင်စနစ်ကို အဆုံးသတ်စေရန် အမြန်ဆုံး ဆက်လက် လုပ်ဆောင် ကြိုးစားသွားကြမည်ဟု ကရင်နီ အမျိုးသားများ ကာ ကွယ်ရေးတပ် KNDF ဥက္ကဋ္ဌ ခွန်းဘီထူး က ပြောသည်။