ကမ်းခြေများ မပိတ်သေးသော်လည်း ခရီးသွားနည်းပါးမှုကြောင့် ဟိုတယ်များ ရပ်တည်ရခက်လာ
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၂၂ ရက်။
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ရှိ ငွေဆောင်နှင့် ချောင်းသာကမ်းခြေများတွင် ခရီးသွားလာရောက်သူများ မရှိသလောက် နည်းပါးလာသည်ဟု ဟိုတယ်လုပ်ငန်းနှင့် ရင်းနှီးကျွမ်းဝင်သူများက ပြောသည်။
ဧရာဝတီတိုင်းသို့ စစ်မီးများ မကူးစက်သေးသော်လည်း စိုးရိမ်ပူပန်မှုများကြောင့် ၂၀၂၅ ခုနှစ် အစောပိုင်းအတွင်း ခရီးသွားလာရောက်သူ နည်းပါးလျက်ရှိရာ ဟိုတယ်လုပ်ငန်းရှင်များဖက်မှ ရပ်တည်ရ ခက်ခဲလာခြင်း ဖြစ်သည်။
ခရီးသွားလုပ်ငန်း ဆက်စပ်လုပ်ကိုင်နေသည့် ဒေသခံ အမျိုးသား တစ်ဦးက “အရင်လတွေဆို ခရီးသွားရာသီ ကားအပြည့်ပဲ။ အခုက ၁၀ ယောက်တောင် အနိုင်နိုင်ပဲ။ ကားတွေထွက်နေသေးတယ် ဆိုတာက သူတို့ လက်မှတ် ကြိုရောင်းထားကြလို့လေ။ ဘယ်ယာဉ်လိုင်းမှ မကိုက်ဘူး။ ဟိုတယ်တွေလည်း ပိတ်တော့မှာ” ဟု ပြောသည်။
ယခင်လများထက် ခရီးသွား လာရောက်လည်ပတ်သူ ၁၀ ဆခန့် လျော့နည်းလာသည့် ငွေဆောင်နှင့် ချောင်းသာ တို့တွင် ဟိုတယ်များဖက်မှ ဝန်ထမ်းလျှော့ချခြင်း၊ ပိတ်သိမ်းခြင်းများ ပြုလုပ်နေရပြီး ခရီးသွားရာသီအတွင်း ပြုပြင်မွန်းမံနေသည့် ဟိုတယ်များပင် မတွေ့ရတော့ဘူးဟု ဟိုတယ်လုပ်ငန်းနှင့် ဆက်စပ်သည့် ဒေသခံများက ဆိုကြသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း တိုက်ပွဲများ ပြင်းထန်လျက်ရှိသော်လည်း ဧရာဝတီတိုင်းတွင် နယ်မြေအခြေအနေ တည်ငြိမ်မှုကြောင့် ချောင်းသာနှင့် ငွေဆောင် အပန်းဖြေစခန်းများ၌ လာရောက်လည်ပတ်သူများ လျော့ကျမှု မရှိခဲ့ဘူးဟု ဆိုကြသည်။
သို့သော် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အမ်းမြို့ကို အာရက္ခတပ်တော် (AA) က အပြီးသတ် သိမ်းယူပြီး နောက် ယင်းနေရာနှင့် ၂၂ မိုင်ခန့်သာ ကွာဝေးသည့် ငွေဆောင်ကမ်းခြေသို့ စစ်မီးများ ကူးစက်လာမည်ကို စိုးရိမ် သဖြင့် ခရီးသွားများ လာရောက်သူ နည်းလာခြင်း ဖြစ်သည်။
ဟိုတယ်နှင့် ဆက်စပ်လုပ်ကိုင်နေသည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက “ခရီးသွား ပက်ကေ့ချ်လိုက် ဝယ်ထားတာတောင် ကားကမထွက်ဘူးတဲ့။ ကားမထွက်ဘူး ဆိုတာကလည်း ဘယ်သူမှ မလိုက်ရဲကြလို့ပေါ့။ အခုမှ လာဖို့စီစဉ်တဲ့သူဆိုရင် ပြောစရာတောင် မလိုဘူးဗျာ့။ ဈေးသည်တွေတောင် တခြားအလုပ် ပြောင်းကုန် ကြပြီ” ဟု ပြောသည်။
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ်တွင် ကောက်ခံထားသည့် စာရင်းများအရ ချောင်းသာ၌ ဟိုတယ် ၃၂ လုံး၊ ငွေဆောင်တွင် ၃၀ လုံးအထိ ရှိသော်လည်း လက်ရှိ ချောင်းသာတွင် ၂၅ လုံးနီးပါးနှင့် ငွေဆောင် တွင် ၂၀ နီးပါးခန့်သာ ဖွင့်လှစ်နိုင်တော့ခြင်း ဖြစ်သည်။
ချောင်းသာဒေသခံ အမျိုးသမီး တစ်ဦးကလည်း “ပုသိမ်က နေ့ချင်းပြန်ကားတွေတောင် မရောက်တော့ဘူး။ အရင်ကဆို ကုမ္ပဏီကားတွေ မိသားစုတွေ ကြိတ်ကြိတ်တိုးပဲ။ အခု AA က ဂွကို သိမ်းလိုက်တော့ ဂွနဲ့ ပုသိမ်က စပ်နေတယ်လေ။ အဲတော့ ကြောက်ကြတာပေါ့။ အခု တိုက်ပွဲဖြစ်နေတာတွေကလည်း အဖြောင့်တိုင်းဆို ချောင်းသာနဲ့ မိုင် ၃၀ လောက်ပဲ။ လမ်းမပေါက်လို့သာ ဝေးသလို ဖြစ်နေတာ” ဟု ပြောသည်။
ချောင်းသာနှင့် ငွေဆောင် အပန်းဖြေစခန်းများသို့ လာရောက်သူ နည်းပါးရသည့် နောက်ထပ် အကြောင်းရင်း တစ်ရပ်မှာ ပုသိမ် – ရန်ကုန် လမ်းကြောင်း တစ်လျှောက်တွင် AA များ ဝင်ရောက်လာမည်ကို စိုးရိမ်သဖြင့် စစ်ကောင်စီမှ အစစ်အဆေး တင်းကြပ်လာခြင်းကြောင့်လည်း ပါဝင်သည်။
ငွေဆောင်ကမ်းခြေအား ၂၀၀၀ ခုနှစ်က ဒေသခံ တောင်သူများ၏ လယ်မြေဧက ၂၀၀ ကျော်ကို ပုသိမ်မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ မြို့နယ်မြေစာရင်းဌာနမှ လျော်ကြေးမပေးဘဲ သိမ်းယူကာ တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ချောင်းသာကမ်းခြေရှိ ဟိုတယ်အများစုမှာလည်း စစ်ကောင်စီနှင့် ၎င်းတို့ ထောက်တိုင် ခရိုနီများ ပိုင်ဆိုင်ကြသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။