တရုတ် နယ်စပ်ဂိတ်များ ပြန်ဖွင့်၊ မြန်မာနိုင်ငံသားများ ဖြတ်ခွင့်မရသေး

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၂၃ ရက်။ 

တရုတ် – မြန်မာ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်သော်လည်း မြန်မာနိုင်ငံသားများ သွားလာခွင့်မရသေးဘူးဟု နယ်စပ်နေ ပြည်သူများနှင့် ကုန်သည်များက ပြောသည်။

ရှမ်းပြည်မြောက်ပိုင်းနှင့် တရုတ်နိုင်ငံသို့ ကုန်သွယ်ရေး ပြုလုပ်နေသည့် နယ်စပ်ဂိတ်များအား တရုတ်ဖက်မှ ပြန်လည် ဖွင့်လှစ်လိုက်ပြီဟု ကုန်သည်ကြီးများက ပြောသည်။

စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ အကြား အပစ်အခတ် ရပ်စဲပြီးနောက် ပန်ဆိုင်း – ဝမ်တိန် တံတားအပါအဝင် နယ်စပ်ဂိတ်များအားလုံးကို ဇန္နဝါရီလ ၂၀ ရက်နေ့၊ နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းမှ သစ်သီးကုန်သည်ကြီး တစ်ဦးက ချင်းရွှေဟော် – နမ့်ဆန်ဂိတ်၊ ပန်ဆိုင်း၊ နယ်စပ်က ရန်လုံ ကျိုင်း ဂိတ် အကုန်ပွင့်ပြီ။ တရုတ်တွေပဲ ဝင်လို့ရသေးတာ။ ဗမာမရဘူး။ ကုန်ပို့လို့တော့ ရပြီ။ ကုန်စည် အရေအတွက် ကတော့ တရုတ်ဖက်က ကန့်သတ်ထားတယ်။ အများကြီးပို့လို့ မရသေးဘူး ဟု ပြောသည်။

ဂိတ်များ ဖွင့်လှစ်ပြီးနောက်ပိုင်း ယခင်ကဲ့သို့ MNDAA မှ တံဆိပ်တုံးထုပေးခြင်း မရှိတော့ဘဲ စာအုပ်ဖြင့် လူအဝင်/ထွက် စာရင်းများသာ ကောက်ယူထားသည်ဟု ကုန်သည်များက ဆိုသည်။

ဇန္နဝါရီလ ၂၁ ရက်နေ့ ကုန်သွယ်ရေး အခြေအနေအရ တရုတ်နိုင်ငံဖက်မှ အိမ်ဆောက်ပစ္စည်း၊ အရက် ဘီယာနှင့် မုန့်မျိုးစုံများသာ အဝင်များနေပြီး မြန်မာဖက်မှ ပို့ကုန်များကိုတော့ မတွေ့ရသေးဟု ကုန်သည်များက ဆိုကြသည်။

‘ဝ’ ပြည်ရှိ ကုန်သည်တစ်ဦးက စမ်းတဝါးဝါး လုပ်နေရတဲ့ အနေအထားပါပဲ။ အခုဖွင့်တာလည်း ဘယ်လောက် ကြာမလဲ မသိဘူး။ နယ်စပ်ဂိတ်တွေတော့ အခုဖွင့်လိုက် ဝုန်းဒိုင်းဆို ပြန်ပိတ်လိုက်ပါပဲ။ ကိုးကန့်ဖက်က တကယ် ဆုတ်ပေးမလားဆိုတာလည်း မသေချာသေးဘူး။ စောင့်ကြည့်ရမှာပါဟု ပြောသည်။

‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ပြောရေးဆိုခွင့်ရသူ ဦးညီရန်းမှလည်း တရုတ်ပြည် အစိုးရ၏ အကြောင်းကြားလာမှုအရ MNDAA ထိန်းချုပ်ဒေသတွင်းသို့ ကုန်စည်ဖြတ်သန်းခွင့် ပြုလိုက်ပြီဟု ၎င်း၏ လူမှုကွန်ယက် စာမျက်နှာ (Facebook) တွင် ဆိုထားသည်။

လားရှိုးမြို့ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့၌ ၁၀၂၇ စစ်ဆင်ရေး၊ ဒုတိယပိုင်းအတွင်း MNDAA မှ သိမ်းယူ ပြီးနောက် စစ်ကောင်စီ၏ ဖြတ် ၄ ဖြတ် စစ်ဆင်ရေး တောင်းဆိုမှုအရ နယ်စပ်ဂိတ်များအား ၇ လ နီးပါး ကြာ သည်အထိ တရုတ်နိုင်ငံမှ ပိတ်ထားခြင်း ဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနှင့် ဒုတိယပိုင်းအတွင်း ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ ရန်လုံကျိုင်း၊ မုန်ကိုး၊ နမ့်ခမ်း စသည့် နယ်စပ်ကုန်သွယ်ရေး ဂိတ် ၅ ခုအား စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးခဲ့ရသည်။