စစ်ကောင်စီက လွိုင်ကော်တွင် တက္ကသိုလ်များ ပြန်ဖွင့်ရန် စီစဉ်

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၂၃ ရက်။ 

နယ်မြေလုံခြုံမှု မရှိသေးသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် စစ်ကောင်စီက တက္ကသိုလ်များ ပြန်ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဒေသခံများက ပြောသည်။

လွိုင်ကော်မြို့တွင် တိုက်ပွဲများ ငြိမ်သက်ပြီ ဖြစ်သော်လည်း မြို့ပြင်ပတ်ပတ်လည်တွင် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး မြေပြင်အခြေအနေ မတည်ငြိမ်သေးသည့်ကြားက တက္ကသိုလ်ဖွင့်လှစ်ရန် စီစဉ်နေခြင်း ဖြစ်သည်ဟု ကျောင်းသားမိဘများက ပြောသည်။

ကျောင်းသားမိခင်ဖြစ်သူ တစ်ဦးက ဘယ်တော့လဲတော့ မသိဘူး။ အမြန်ဆုံး ပြန်လာဖို့တော့ ပြောနေတယ်။ တောင်ကြီးမှာ တက်နေရင်လည်း ပြန်လာပေါ့။ ဒီမှာဖွင့်မယ်ပေါ့။ အအောင်ပေးမယ်ပေါ့။ အကုန်လုံးက စောင့် ကြည့်နေတုန်းပဲ ဟု ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ ပညာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေမှ စာကြည့်တိုက်၊ စာသင်ဆောင်၊ ဝန်ထမ်းဆောင်များအား လွိုင်ကော်တက္ကသိုလ် ပြန်လည်ဖွင့်လှစ်ရန်အတွက် အမြန်ဆုံး ပြင်ဆင်ကြရန် ဇန္နဝါရီလ ၁၆ ရက်နေ့တွင် ကျရောက်သည့် ကယားပြည်နယ်နေ့က မှာကြားခဲ့သည်ဟု ဆိုသည်။

လွိုင်ကော်မြို့တွင် ကနဦးအနေဖြင့် ပညာရေး ဒီဂရီကောလိပ်အား ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပြီး လွိုင်ကော် တက္ကသိုလ်၊ ကွန်ပြူတာတက္ကသိုလ်နှင့် အခြားသိပ္ပံကျောင်းများမှာလည်း အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ရန်အတွက် စီစဉ်နေပြီဟု Non – CDM အရင်းအမြစ်များက ဆိုသည်။

လွိုင်ကော်မြို့ အနီးတစ်ဝိုက်တွင် စစ်ရေးလှုပ်ရှားနေသည့် မြေပြင်အရင်းအမြစ် တစ်ဦးက တစ်လေးလုံး ပြီး တော့ ပြန်လာနေကြတာတော့ ရှိတယ်။ အောက်ခြေနဲ့ လူလတ်တန်းစား တချို့ပေါ့။ နည်းနည်းပြေလည်တဲ့ သူကျ ကြောက်တယ်လေ။ လေကြောင်းလည်း မငြိမ်သေးတော့။ အခုဖွင့်မယ်ဆိုရင်လည်း သူတို့ ဝါဒဖြန့်တာပဲ ဖြစ်မှာ ပေါ့။ လူမှမရှိတာလေ။ စစ်တပ်မိသားစုတွေနဲ့ Non – CDM သားသမီးတွေတော့ တက်ကြမှာပဲ။ ဖိအားပေးထား တယ်လေ ဟု သုံးသပ်သည်။

လွိုင်ကော်မြို့ရှိ GTC တက္ကသိုလ်၊ မိုင်းလုံး၊ ရွာတန်းရှည် စသည့်နေရာများမှာ မကြာခဏ တိုက်ပွဲဖြစ်ပွား လေ့ ရှိပြီး နာနတ်တော၊ ဒေါ့ဥခူ၊ ဘာဒို၊ ထေးငှားလျား၊ နောင်ယား စသည့်ရပ်ကွက်များကိုလည်း စစ်ကောင်စီက လုံခြုံရေးအရ ဝင်ရောက်နေထိုင်ခွင့်၊ ဖြတ်သန်းခွင့်များ ပိတ်ထားဆဲ ဖြစ်သည်။

ထို့ကြောင့် လုံခြုံရေးကိစ္စအား တာဝန်မယူပေးနိုင်ဘဲ စစ်ကောင်စီ၏ တက္ကသိုလ်များ ဖွင့်လှစ်ရန် စီစဉ်နေမှုများ ကြောင့် ကျောင်းသားမိဘများဖက်မှ စိုးရိမ်ပူပန်ရှိကြသည်ဟု ဆိုကြသည်။

အလားတူ စစ်ကောင်စီက လွိုင်ကော်မြို့အား ရာနှုန်းပြည့် ထိန်းချုပ်နိုင်ပြီဟု ပြသလိုသဖြင့် အဝေးရောက် စစ်ဘေးရှောင်နှင့် ကျောင်းသားများအား အမြန်ဆုံးနေရပ်ပြန်ကြရန် ဝါဖြန့်လျက်ရှိပြီး လူမနေသည့် နေအိမ်များ ကိုလည်း ချိတ်ပိတ်မည်ဟု ကြေညာထားသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့က ကရင်နီပြည်တွင် စတင်ခဲ့သည့် တစ်လေးလုံး စစ်ဆင်ရေးကာလများ၌လည်း လွိုင်ကော်တက္ကသိုလ်တွင် စစ်ကောင်စီက တပ်စွဲခဲ့ဖူးသည်။