အမျိုးသား ညီညွတ်ရေး အစိုးရ NUG က အွန်လိုင်းငွေလိမ်ဂိုဏ်း နှိမ်နင်းရန် အသင့်ရှိကြောင်း ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၂၃ ရက်။ 

အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နှိမ်နှင်းရေးအတွက် ဒေသအတွင်းရှိ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင် ရွက်ရန် အဆင်သင့် ဖြစ်နေပြီဟု အမျိုးသား ညီညွတ်ရေး အစိုးရ NUG က ပြောသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ NUG မှ ၂၀၂၅ ဇန္နဝါရီလ ၂၁ ရက်နေ့တွင် ပြုလုပ်သော ပြည်သူလူထုနှင့် နိုင်ငံတ ကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်တွင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော် ဇော က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ငွေလိမ်ဂိုဏ်းများနဲ့ ကျားဖြန့်လုပ်ငန်းများကြောင့် ထိခိုက်နစ်နာသော လူအများကို ကာကွယ်ပေးနိုင်ရန်နဲ့ ကျူးလွန်သူများကို ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန် အမျိုးသား ညီညွတ်ရေး အစိုးရအနေနဲ့ အိမ်နီး ချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနဲ့ လက်တွဲတိုက်ဖျက်သွားဖို့ အဆင်သင့်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။”

လက်ရှိ ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေသည်ဟု ကျော်ကြားနေသော ရွှေကုက္ကိုလ်နှင့် မြဝတီမြို့တို့အား ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သော နယ်ခြားစောင့်တပ် (BGF) နှင့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) တို့၏ ထိန်းချုပ်နယ်မြေထဲတွင် ရှိနေသောကြောင့် စစ်ကောင်စီက ဝင်ရောက်စွက်ဖက်နိုင်စွမ်း မရှိသေး သည့် အခြေအနေပေါ်တွင် အာဆီယံနှင့် လက်တွဲလုပ်ဆောင်ရန် NUG က အသိပေး ပြောဆိုလိုက်ခြင်း ဖြစ် သည်။

ထို့အပြင် စစ်ကောင်စီသည် ကျားဖြန့်လုပ်ငန်းများတွင် စီးပွားဖက်အဖြစ် ပါဝင်လုပ်ဆောင်နေသည်ဟု NUG က စွပ်စွဲပြောဆိုသည်။

ဦးကျော်ဇောက “ယနေ့တွင် အကြမ်းဖက် စစ်ကောင်စီအနေနဲ့ စစ်ရေး၊ နိုင်ငံရေး အကြပ်တည်းများကြောင့် ကျားဖြန့် ငွေလိမ်ဂိုဏ်းနှိမ်နှင်းမှုကို အပေါ်ယံ လုပ်ပြနေသော်လည်း ၎င်းတို့နဲ့အကျိုးဖက် စီးပွားဖက်ဖြစ်တဲ့ ကျားဖြန့်ကဲ့သို့ ရာဇဝတ်ဂိုဏ်းများကို တစ်ကယ်သုတ်သင်ရှင်းလင်းဖို့အတွက် အလားအလာမရှိတာ ထင်ရှား ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် နိုင်ငံရေး၊ စစ်ရေး အခြေအနေအရ နယ်မြေစိုးမိုးမှု တစ်စထက်တစ်စ လျော့ကျလာနေပြီး ထိန်းချုပ်ထားနိုင်သည့် နယ်မြေမှာလည်း ကျဉ်းလာပြီဟု NUG က ဆိုသည်။

ထို့ကြောင့် NUG သည် ဥပဒေအရနှင့် မြေပြင်အချက်အလက် အရပါ မြန်မာအစိုးရ ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလမှ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌထံသို့ ဇန္နဝါရီလ ၇ ရက်နေ့တွင် သဝဏ်လွှာ ပေးပို့ခဲ့သည်ဟု ဇန္နဝါရီလ ၂၀ ရက်နေ့တွင် NUG က ထုတ်ပြန်ထားသည်။

အွန်လိုင်း ငွေလိမ်လုပ်ငန်းများနှင့် နိုင်ငံဖြတ်ကျော် မှုခင်းများကို ထိရောက်စွာ တိုက်ဖျက်ရန်အတွက် မြန်မာနိုင်ငံ ၏ အိမ်နီးချင်း နိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့အား ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် မျှဝေခြင်းဆိုင်ရာ ထိရောက်သော လမ်းကြောင်းများကို တည်ထောင်သွားရန် အရေး တကြီး တောင်းဆိုသည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ NUG နှင့် ကရင်အမျိုးသား အစည်းအရုံး KNU တို့မှ ဇန္နဝါရီလ ၂၀ ရက်နေ့တွင် ပူးတွဲ ထုတ်ပြန်ထားသည်။

သို့သော်လည်း ဒေသတွင်း ကျားဖြန့် ငွေလိမ်ဂိုဏ်းများ နှိမ်နင်းရေးအတွက် ကမ္ဘောဒီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ တော်ဝင်ရဲတပ်ဖွဲ့၊ ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်အဖွဲ့များက “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၁ ရက်နေ့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပခဲ့ကြသည်။ ထိုအစည်းအဝေး နောက်ပိုင်းတွင် စစ်ကောင်စီ အပါအဝင် နိုင်ငံပေါင်း ၆ နိုင်ငံ ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ခဲ့သည်။ 

အာဆီယံနိုင်ငံများမှ ပူးပေါင်းကာ အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများအား သက်ဆိုင်ရာ အာဏာ ပိုင်များနှင့် ပူးပေါင်းတိုက်ဖျက်သွားမည်ဟု ဇန္နဝါရီလ ၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့သော ဘန်ကောက် ဒစ်ဂျစ်တယ် ကြေညာစာတမ်းတွင်လည်း ထုတ်ပြန်ထားသည်။