တအာင်းပြည် အမြင့်ဆုံး အာဏာပိုင်အဖွဲ့ TLC ကို ဖွဲ့စည်းကြောင်း ကြေညာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ် ၊ဇွန်လ ၉ ရက်။
တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) သိမ်းပိုက်ထားသည့် နယ်မြေများတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး နှင့် ဥပဒေ ပြုရေး အာဏာများကို ရယူထားမည့် တော်လှန်ရေး ကာလ ဦးဆောင် ကောင်စီ အဖွဲ့ကို ဖွဲ့စည်းလိုက်သည်။
ထိုအဖွဲ့ကို တအာင်းပြည် ကောင်စီ Ta’ang Land Council- TLC ဟု အမည်ပေးထားပြီး ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး PSLF/TNLA ၏ ဥက္ကဌ တားအိုက်ဘုန်းက ဥက္ကဌ အဖြစ် တာဝန်ယူသွားမည် ဖြစ်သည်။
တအာင်းအမျိုးသားများ၏ အဓိက နိုင်ငံရေး ဦးဆောင် အဖွဲ့ သုံးဖွဲ့ ဖြစ်သော တအာင်းအမျိုးသား ပါတီ TPC၊ ပလောင် (တအာင်း)ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF/TNLA) နှင့် တအာင်းနိုင်ငံရေး အတိုင်ပင်ခံ ကော်မတီ TPCC တို့ တွေ့ဆုံကာ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု ဇွန်လ ၉ ရက် (ယနေ့)တွင် ထုတ်ပြန်သည်။
TPCC ၏ ထုတ်ပြန်ချက်ထဲတွင် တအာင်း ပြည်နယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ TSCDC ရေးဆွဲထားသည့် Ta’ang Land Council – TLC ကို တအာင်းပြည်၏ တော်လှန်ရေးကာလတွင် အမြင့်ဆုံး နိုင်ငံရေး အာဏာပိုင်အဖွဲ့ အစည်း အဖြစ် ဖွဲ့စည်း ဆောင်ရွက်ရန် တညီ တညွှတ်တည်း ဆုံးဖြတ်ခဲ့ကြခြင်းဖြစ် သည်ဟု ရေးသားထားသည်။
TNLA က သိမ်းပိုက်ထားသည့် နယ်မြေများကို အခြေခံပြီး ၂၀၂၅ ခုနှစ်တွင် တအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရ တရပ်ကို ဆက်လက်ဖွဲ့စည်းနိုင်ရန် အမြန်ဆုံး ကြိုး ပမ်းဆောင်ရွက်သွားမည်ဖြစ်သည်ဟု TPCC ၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။
လက်ရှိ တအာင်းပြည် ကောင်စီတွင် ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဦးဆောင်သွားမည် ဖြစ်ပြီး ဒု-ဥက္ကဋ္ဌ – ၁ အဖြစ် လွေးမိုးခမ်း၊ ဒု-ဥက္ကဋ္ဌ – ၂ အဖြစ် တားအေးမောင်၊ အတွင်းရေးမှူးအဖြစ် လွေးပိုးကမေဲးခြိူဝ်း၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဗိုလ်ကြီး လွေးယေနှင့် အဖွဲ့ဝင်များအဖြစ် ဗိုလ်ချုပ်တားခူလန်း၊ တားအောင်ပေ၊ တားကြာထွန်း၊ လွေးမိုးလှိုင်တို့ ပါဝင်မည် ဖြစ်သည်။