ဒေသခံ ၆ ထောင်ကျော် ဆီဆိုင်မြို့နယ်ထဲမှ မောင်းထုတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်။
ဆီဆိုင်မြို့နယ်ထဲက ဒေသခံ ၆ ထောင်ကျော်ကို ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ (PNA) က မောင်းထုတ်နေသည်။
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ဒေသခံ ၆ ထောင်ကျော်ကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) က မောင်းထုတ်နေသည်ဟု မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “သူတို့ ဒီလိုလုပ်တာက တော်လှန်ရေးနဲ့ လူထုကို အဆက်အသွယ် ပြတ်အောင်ပေါ့လေ။ ထိစပ်မှုမရှိအောင် လုပ်ချင်တာပဲ ဖြစ်ပါတယ်” ဟု ပြောသည်။
ဆီဆိုင်မြို့နယ်ရှိ ကျေးရွာအုပ်စု ၂ စုမှ ဒေသခံများအား ဘုရားဖြူကျေးရွာ၊ မွေတော်ဘုရားဝင်း အတွင်းသို့ လာမည့် ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ပြောင်းရွှေ့ကြရန် ညွှန်ကြားထားခြင်း ဖြစ်သည်။
ခွန်ရိန်းယံက “ဒါက ပြည်သူလူထုရဲ့ ရပ်ရွာ ဥစ္စာ စည်းစိမ်ကို ဖျက်ဆီးချင်တဲ့ အတွက် ဒီလိုမျိုး လုပ်တယ်လို့ပဲ မြင်ပါတယ်။ PNO ဆိုတာက ပြည်သူလူထုကျွေးတဲ့ ထမင်းကို စားပြီးတော့မှ ပေါ်ပေါက်လာတဲ့အဖွဲ့ ဖြစ်ပါ တယ်။ သို့ပေမယ့်လည်း လက်ရှိချိန်မှာ ကိုယ်ကျိုးစီးပွားအတွက်နဲ့ ပြည်သူ့စစ်အဖြစ် ခံယူထားတဲ့အဖွဲ့ ဖြစ်တယ် ပေါ့နော်။ အခုတော့ ကိုယ်ကျိုးစီးပွားအတွက်နဲ့ ပြည်သူလူထုကို ပြန်လည်ပြီးတော့မှ မောင်းထုတ်နေတဲ့ အဖွဲ့ ဖြစ်ပြီလို့ ဒေသခံတွေ ပြောတဲ့အတိုင်း ပြောရမှာ ဖြစ်ပါတယ်” ဟု ဆက်ပြောသည်။
လက်ရှိ ထုတ်ပြန်ထားသည့် စာရင်းအရ ကျေးရွာအုပ်စု ၂ စုမှ တပူးထို၊ ကောင်ထို၊ လွယ်ငန်း၊ နောင်ဗို၊ ပင်စက်၊ တောင်ရှေ့၊ နောင်ထော်၊ ကလားလမ်း စသည့်ကျေးရွာများအပြင် ရွာပေါင်း ၁၂ ရွာပါဝင်သည်သည်။
ထို့အပြင် ဒေသခံများအား တောင်ယာ၊ စစ်ဘေးရှောင်စခန်း၊ အခြားရွာများအား သွားခွင့်မပြုသဖြင့် မွေတော် ဘုရားဝင်းအတွင်း၌ ရှိသည့် လူဦးရေနှင့် နေရာထိုင်ခင်း၊ စားနှပ်ရိက္ခာများ မလုံလောက်မည်ကို တွေးပူနေကြရ သည်ဟု ဒေသခံများက ဆိုသည်။
“ဒါက အဲဒီ ကျေးရွာတွေမှာရှိတဲ့ ပြည်သူလူထု အားလုံးကို ဖမ်းပြီးတော့မှ ထောင်ထဲထည့်လိုက်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါ PNO အနေနဲ့ ပြန်စဉ်းစားရမှာ ဖြစ်ပါတယ်။ ကိုယ့်အဖွဲ့အစည်းက အစ တည်ထောင် စ ကတည်းက လူထုရဲ့ ထမင်းနဲ့ ကြီးထွားလာတဲ့ အဖွဲ့တွေ ဖြစ်တယ်ပေါ့နော်။ ခုကျတော့ ခရိုနီ နေဝင်းထွန်းရဲ့ အကျိုးစီးပွား ကို ကာကွယ်ရင်းနဲ့ ကိုယ့်ပအိုဝ်းလူထုကို ပြန်မောင်းထုတ်နေရတာ လုပ်ရက်ကြသလား ကိုယ့်ကို ပြန်မေးဖို့ လိုပါတယ်” ဟု ခွန်ရိန်းယံက ဆက်ပြောသည်။
အဆိုပါကျေးရွာများမှာ ယခင်က မကြာခဏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ ကြုံခဲ့ရသော်လည်း ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီနှင့် PNA က ပြန်လည် ထိန်းချုပ်နိုင်ပြီး နောက်ပိုင်းတွင် စစ်မှုထမ်းခေါ်ယူခြင်းနှင့် စစ်အသုံးစရိတ်များ ကောက်ခံခြင်းများလည်း ပြုလုပ်လေ့ရှိသည်။
ဆီဆိုင်မြို့နှင့် နီးစပ်သည့် ပင်လောင်းမြို့တွင်လည်း လိုင်စင်မဲ့ မော်တော်ယာဉ်များအား စစ်ကောင်စီနှင့် ပအိုဝ်း ပြည်သူ့စစ်အဖွဲ့တို့က ဖမ်းဆီး၍ တစ်စီးလျှင် ငွေကျပ် သိန်း ၂၀ ဖြင့် ပြန်ရွေးခိုင်းနေသည်ဟုလည်း ဒေသခံများ ကြားတွင် ပြောဆိုနေကြသည်။