တိရစ္ဆာန်ရုံဝန်ထမ်း ခြင်္သေ့ကိုက်ခံရ၍ သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။
ထိုင်းနိုင်ငံ ဘန်ကောက်က အသက် ၅၈ နှစ်အရွယ် Jian ရဲ့ တစ်နေ့တာအလုပ်က ခြင်္သေ့တွေရဲ့ အခြေအနေကို စစ်ဆေးတာ၊ အစာကျွေးတာ၊ သန့်ရှင်းရေးလုပ်တာတွေနဲ့ စတင်ပါတယ်။
တခြားဝန်ထမ်းတွေအတွက် အန္တရာယ်ရှိတဲ့ အချိန်မျိုးမှာတောင် Jian ကတော့ ခြင်္သေ့တွေကို နားလည်အောင် ဆက်ဆံနိုင်ခဲ့တဲ့အတွက် နာမည်ကျော်ကြားခဲ့ပါတယ်။
သူဟာ ခြင်္သေ့တွေနဲ့အတူ ဓါတ်ပုံတွေ ဗီဒီယိုတွေ အများအပြားလည်း ရိုက်ခဲ့ပါတယ်။
စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ခင်းမှာတော့ သူ့ရဲ့ တစ်နေ့တာလုပ်ရိုးလုပ်စဉ်အတိုင်း ဘန်ကောက်မြို့က ဆာဖာရီကမ္ဘာ (Safari World) ရဲ့ ခြင်္သေ့လှောင်အိမ်အနားကို ရောက်လာပါတယ်။
လှေကားပေါ်က သူ့လက်ထဲက အစာဘူးကို ပေးလိုက်တဲ့အချိန်မှာ အောက်ဘက်ကို ပစ္စည်းတစ်ခု ပြုတ်ကျသွားခဲ့ပါတယ်။ ပုံမှန်ဆိုရင် အဲဒီလိုအခြေအနေမျိုးမှာ လုံခြုံရေးစည်းမျဉ်းအရ ကားပေါ်ကနေဆင်းပြီး ပစ္စည်းကို ကောက်ယူဖို့ ခွင့်မပြုပါဘူး။
ဒါပေမဲ့ နှစ်ပေါင်း ၃၀ ခြင်္သေ့တွေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ Jian ဟာ သာမန်အတိုင်းပဲ ကားပေါ်ကနေ ဆင်းလိုက်ပါတယ်။
ပစ္စည်းကို ကုန်းကောက်နေတဲ့အချိန်မှာ ခြင်္သေ့တစ်ကောင်က သူ့ဆီကို ခုန်အုပ်လိုက်ပါတယ်။ နောက်ကနေ ထပ်လိုက်လာတဲ့ ခြင်္သေ့သုံးလေးကောင်ကလည်း သူ့ကို ဝိုင်းဝန်းပြီး တိုက်ခိုက်ခဲ့ပါတယ်။
မျက်မြင်တွေ့ရှိခဲ့တဲ့ ဝန်ထမ်းအချို့ကတော့ ခြင်္သေ့တွေက Jian ကို တိုက်ခိုက်နေတယ်လို့ ပထမတော့ မထင်ခဲ့ကြဘူးလို့ ဆိုပါတယ်။ ဒီအထင်အမြင်မှားမှုဟာ ဝန်ထမ်းတွေ ချက်ချင်းဝင်ရောက်ကူညီဖို့ နောက်ကျစေခဲ့ပါတယ်။
နောက်ဆုံးတော့ တိရစ္ဆာန်ရုံဝန်ထမ်းတွေက ခြင်္သေ့တွေကို တွန်းထုတ်ပြီး ဒဏ်ရာပြင်းထန်တဲ့ Jian ကို ဆေးရုံကို အမြန်တင်ပို့ခဲ့ပါတယ်။
နှစ်ပေါင်း ၃၀ လုံးလုံး သူ့ရဲ့ဘဝကို ဒီခြင်္သေ့တွေအတွက် မြှုပ်နှံခဲ့တဲ့ Jian ဟာ ဆေးရုံရောက်တဲ့အခါမှာတော့ အသက်မရှိတော့ပါဘူး။ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုမှာ သူဟာ လုံခြုံရေးစည်းမျဉ်းကို ဖောက်ဖျက်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။