ဝိုင်းမော်တွင် တိုက်ပွဲပြင်းထန်၊ ကျောင်းအချို့ ပိတ်ထားရ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။

ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်းတပ် တို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး ကျောင်းအချို့ ပိတ်ထားရသည်ဟု ဒေသခံများက ပြောသည်။

ဝိုင်းမော်မြို့နယ်အတွင်းက တိုက်ပွဲများထဲ စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်နေသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံ အမျိုးသား တစ်ဦးက ဒီလိုလေကြောင်း တိုက်ခိုက်မှုတွေကြောင့် စက်တင်ဘာလ ၉ ရက်နေ့ မနေ့က စပြီး ကျောင်းတချို့ ပိတ်ထား လိုက်ရတယ်။ ဒီနေ့လည်း ကျနော်တို့က ကလေးတွေကို စိုးရိမ်လို့ ကျောင်းမပို့ ဘူး။ အခြေနေကို ဆက်စောင့်ကြည့်နေတုန်းဗျ။ မနေ့ကဆို တနေကုန်နီးပါးပဲ အသံတွေ ကြားနေရတာ ဟု ပြော သည်။

ကျောင်းသားမိဘများ ကလေးများအတွက် စိုးရိမ်ပြီး ကျောင်းမပို့ဘဲ အခြေအနေကို ဆက်ပြီး စောင့်ကြည့်နေကြ သည်ဟု ဆိုသည်။

စက်တင်ဘာ ၉ ရက်နေ့တွင် ဝိုင်းမော်မြို့နယ်ထဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည့်အပြင် လမြန်ကျေးရွာနှင့် နမ့်ဝါကျေးရွာ ပတ်ဝန်းကျင်ကိုလည်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ဘက်ကနေပါ လက်နက်ကြီးများဖြင့်  ဆက်တိုက် လှမ်းပစ်နေသည်ဟု ဆိုသည်။

ထို့အပြင် ဖားကန့်မြို့နယ်ထဲတွင်လည်း စက်တင်ဘာလ ၉ ရက်နေ့က စစ်ကော်မရှင်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုတို့ကြောင့် အရပ်သား ၁၀ ဦး ထိမှန်ဒဏ်ရာ ရခဲ့သည်။

ဖားကန့်ဗျူဟာကုန်းမှ ဆိပ်မူကျေးရွာဘက်ခြမ်းကို အကြောင်းမဲ့သက်သက် လက်နက်ကြီး အလုံး (၂၀) ခန့် ပစ်ခဲ့သည်ဟု ဖားကန့်ဒေသခံ တစ်ဦးက ပြောသည်။

ဆိပ်မူကျေးရွာအုပ်စု၊ ဘဇံချောက်ကျေးရွာက အရပ်သားပြည်သူ ၁၀ ဦး ထိမှန်ဒဏ်ရာရခဲ့ပြီး ၄ ဦးမှာ စိုးရိမ်ရ သည်ဟု ဆိုသည်။

အလားတူ စက်တင်ဘာလ ၉ ရက်နေ့၊ နေ့လည် ၂ နာရီအချိန်ခန့်တွင် ဆိပ်မူကျေးရွာ အုပ်စုထဲက ဆန်းကြွယ် ကျေးရွာရှိ ဘုရားကုန်းနေရာဘက်ကို လေယာဉ်ဖြင့် ဗုံးကြဲသွားခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။