တနိုင်ငံလုံး အတိုင်းတာဖြင့် ရွေးကောက်ပွဲပြိုင်ဖို့ ပြင်နေသည့် ပါတီ ၉ ခု အနက် ၄ ပါတီ ဖျက်သိမ်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။

တနိုင်ငံလုံး၌ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၄ ပါတီကို စစ်ကော်ရှင်ခန့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC က ပယ်ဖျက်လိုက်သည်။

အမျိုးသမီးပါတီ (မွန်) အပါအဝင် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF)၊ အမျိုးသား နိုင်ငံရေး ဒီမိုက ရက်တစ် ပါတီ (DNP) နှင့် ပြည်ထောင်စု လယ်သမား အလုပ်သမား အင်အားစုပါတီ တို့ကို UEC က ဖျက်သိမ်း လိုက်ခြင်း ဖြစ်သည်။

စစ်ကော်မရှင်၏ UEC က စက်တင်ဘာလ ၉ ရက်နေ့တွင် အဆိုပါ ပါတီ ၄ ပါတီကို ဖျက်သိမ်းကြောင်း ထုတ်ပြန် ကြေညာထားသည်။

သတ်မှတ်ပါတီဝင် လူဦးရေ မပြည့်မှီခြင်းနှင့် သတ်မှတ် ပါတီ ရုံးခန်း အရေအတွက် လိုအပ်ချက်များ ရှိနေသည် ဟု ဆိုတကာ ဖျက်သိမ်းခံလိုက်ရခြင်း ဖြစ်သည်။

နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ထားရာမှ ပယ်ဖျက်လိုက်ပြီး ပါတီများကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။

UEC ၏ ထုတ်ပြန်ချက်ထဲတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မည့် NDF ပါတီ အပါအဝင် ပါတီ ၄ ပါတီမှာ သတ်မှတ်ထားသည့် စက်တင်ဘာလ ၇ ရက်နေ့အထိ ပါတီဝင် ဦးရေ မပြည့်မှီခြင်းနှင့် ပါတီရုံးခန်း သတ်မှတ် အရေအတွက် လိုအပ်ချက်များ ရှိနေသည်ဟု ဆိုသည်။

လက်ရှိတွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့် တိုင်းကိုယ်စားပြု နိုင်ငံရေးပါတီများ အားလုံးမှာ ကိုယ်စားလှယ်လောင်း ပြည့်မီရန် ရှာဖွေရခက်ခဲခြင်း၊ ငွေကြေး အခက်အခဲ အပြင် လုံခြုံရေး အခက်အခဲများနှင့်ပါ ရင်ဆိုင်နေကြရသည်။

ယခု ဖျက်သိမ်းခံရသည့် နိုင်ငံရေးပါတီ ၄ ပါတီမှာ ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများဖြစ်သည်။

ထို့ကြောင့် လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီ ၉ ခု အနက် ၅ ခုသာ ကျန်ရှိတော့ခြင်း ဖြစ်သည်။

ကျန်နေသည့် ပါတီ ၅ ပါတီမှာ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပါတီ၊ ပြည်သူ့ ရှေ့ဆောင် ပါတီ (PPP)

ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(ကျားဖြူပါတီ)၊ ပြည်သူ့ပါတီ (PP) နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့ ဖြစ်ကြသည်။

ကျန်ရှိနေသည့် ပြည်ထောင်စုအဆင့် နိုင်ငံရေးပါတီများသည် USDP ပါတီမှ လွဲ၍ ကျန်ပါတီများသည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်နေရာမျှ အနိုင်မရခဲ့သည့် ပါတီများဖြစ်သည်။