ထိုင်းတွင် မီးဖွားခွင့် ရက်ပေါင်း ၁၂၀ အတည်ပြု
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်။
ထိုင်း အထက် လွှတ်တော်က အမျိုးသမီးများအား ရက်ပေါင်း ၁၂၀ မီးဖွားခွင့် ပေးရေး အပါအဝင် မီးဖွားခွင့် ဥပဒေ ပြင်ဆင်ချက်ကို မဲခွဲ အတည်ပြုခဲ့သည်။
အောက်လွှတ်တော်က အတည်ပြုထားပြီး ဖြစ်သည့် ဥပဒေ ပြင်ဆင်ချက်ကို မဲခွဲရာတွင် အထက်လွှတ်တော်အမတ် ၁၂၅ ယောက်က ထောက်ခံမဲ ပေးခဲ့ပြီး ငါးယောက်က မဲမပေးပဲ နေခဲ့သည်။
အတည်ပြုချက်များအရ ကလေးမီးဖွားသည့် အမျိုးသမီးများသည် လစာငွေ 50% နှင့် မီးဖွားခွင့် ရက်ပေါင်း ၁၂၀ ရရှိတော့မည် ဖြစ်သည်။ အကယ်၍ မွေးကင်းစ ကလေးငယ်က ဆေးဖက်ဆိုင်ရာ အခြေအနေများ၊ နောက်ဆက်တွဲ ပြဿနာများ၊ ပုံမှန် မဟုတ်ပဲ မွေးဖွားခဲ့ခြင်း နှင့် မသန်စွမ်းမှုများ ရှိပါက နောက်ထပ် ၁၅ ရက် ဆက်တိုက် ခွင့်ယူနိုင်မည် ဖြစ်သည်။
အိမ်ထောင်ဖက်ကိုလည်း မီးထွက်စ မိခင်ကို ကူညီရန် လစာ အပြည့် ၁၅ ရက် ခွင့်ပေးရန် သတ်မှတ်ထားသည်။ အဆိုပါ ခွင့်ကို ကလေး မွေးဖွားချိန်မှ ရက် ၉၀ အတွင်းတွင် ယူနိုင်သည်။
အောက်လွှတ်တော်နှင့် အထက်လွှတ်တော်နှစ်ရပ်စလုံးတွင် အတည်ပြုပြီး ဖြစ်သောကြောင့် တော်ဝင်ပြန်တမ်း ထုတ်ပြန်ပြီး ရက်ပေါင်း ၃၀ အကြာတွင် အဆိုပါ ဥပဒေ သက်ဝင်လာမည် ဖြစ်သည်။