ဘီလာရုစ် မော်ဒယ် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံတွင် တာဝန်မရှိဟု ထိုင်းက ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။ 

ထိုင်းနိုင်ငံ မြောက်ပိုင်း မြန်မာ နယ်စပ်မှာ အသတ်ခံရပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ရောင်းစားခံလိုက်ရတယ်လို့ သတင်းတွေမှာပါခဲ့တဲ့ ဘီလာရုစ် နိုင်ငံက မော်ဒယ်ဟာ ထိုင်းနိုင်ငံကနေ အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားခံရတာ မဟုတ်ဘူးလို့ ထိုင်း လူဝင်မှု ကြီးကြပ်ရေးက သတင်းထုတ်ပြန်ပါတယ်။ 

ဘီလာရုစ် သတင်းဌာန တစ်ခုဖြစ်တဲ့ Mash ဆိုတဲ့ သတင်းမီဒီယာ တစ်ခုက Vera Kravtsova (ဗီရာ ကရဗ်ဆိုဗာ). လို့ ခေါ်တဲ့ မော်ဒယ်ဟာ ထိုင်းနိုင်ငံကို မော်ဒယ် အလုပ် သွားလျောက်ရာမှာ အတင်းအကြပ် ဖမ်းဆီးခံရတယ်လို့ ရေးထားပါတယ်၊ အဲဒီနောက်မှာ မြန်မာနယ်စပ်မှာ အနှိပ်စက်ခံရပြီးနောက် သတ်ဖြတ်ခံရပြီး ကိုယ်အင်္ဂါတွေ ရောင်းစား ခဲ့ရတယ်လို့ ရေးသား ထားခဲ့တာပါ။ 

အဲဒီ သတင်းကို အခြေခံပြီး နိုင်ငံတကာ သတင်းတွေဖြစ်တဲ့ Daily Mail တို့ The Sun တို့မှာလည်း ဖော်ပြမှု ရှိခဲ့ပါတယ်။ 

Vera Kravtsova စက်တင်ဘာ ၁၄ ရက်က ထိုင်းနိုင်ငံ သုဝဏ္ဏ ဘုမ္မိ လေဆိပ်ကနေ ဝင်ရောက်လာခဲ့ပြီး စက်တင်ဘာ ၂၀ ရက်မှာတော့ ရန်ကုန်ကို ထိုင်းလေကြောင်းလိုင်း လေယာဉ်နဲ့ ပြန်ထွက်သွားခဲ့တာ ဖြစ်တယ်လို့ လူဝင်မှု ကြီးကြပ်ရေး အရာရှိ ရဲဗိုလ်ချုပ် Choengron Rimpadee က ပြောပါတယ်။ 

လေဆိပ်မှာရှိတဲ့ CCTV မှတ်တမ်းတွေ အရ ရန်ကုန်ကို လေယာဉ်နဲ့ ထွက်ခွာတဲ့ အချိန်မှာ သူ့ကို အတင်းအကြပ် စေခိုင်းနေတဲ့ လက္ခဏာတွေ မတွေ့ရဘူးလို့လည်း ထိုင်း လဝက က ပြောပါတယ်။ 

ထိုင်းနိုင်ငံလူဝင်မှု ကြီးကြပ်ရေးကတော့ အဲဒီမော်ဒယ် မြန်မာပြည်ကို ထွက်သွားပြီး ဘာဖြစ်တယ်ဆိုတာ သူတို့ မသိရဘူးလို့ ဆိုပါတယ်။