မန္တလေးတိုင်းအထက်ပိုင်းတွင် ရွေးကောက်ပွဲအတွက် စစ်ကော်မရှင် ထိုးစစ်ဆင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်။ 

မန္တလေးတိုင်းဒေသကြီး အထက်ပိုင်းရှိ မတ္တရာ၊ စဥ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်တို့တွင် စစ်ကော်မရှင်၏ ထိုးစစ်တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာနေခြင်းမှာ ရွေးကောက်ပွဲအတွက် နယ်မြေရှင်းလင်းနေခြင်း ဖြစ်သည်ဟု ဒေသတွင်း အဖွဲ့အစည်းများနှင့် PDF ဖွဲ့တို့က ပြောဆိုလိုက်သည်။

မတ္တရာ၊ စဥ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်များတွင် စစ်ကော်မရှင်တပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ တစ်နေ့ တခြား ပိုမိုပြင်းထန်လာနေပြီး၊ ဒေသခံပြည်သူ ထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေ ကြရသည်။ 

အဆိုပါ ဒေသများသည် လာမည့် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲအတွက် စစ်ကော်မရှင်က လျာထားသည့် မြို့နယ်များ ဖြစ်သောကြောင့် နယ်မြေရှင်းလင်းရန် အင်အားသုံး တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသတွင်း အဖွဲ့အစည်းမျးနှင့် PDF အဖွဲ့တို့က သုံးသပ်သည်။

မန္တလေးတိုင်းအထက်ပိုင်း၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မတ္တရာ၊ စဥ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်များတွင် နိုဝင်ဘာလ ၁၀ ရက်နေ့မှစ၍ စစ်ကောင်စီနှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများသည် ပြင်းထန်လာခဲ့သည်။ 

ဒရုန်းများ၊ လက်နက်ကြီးများနှင့် လေကြောင်းတိုက်ခိုက်မှုများ အသုံးပြုလာသောကြောင့် အရပ်သား ထိခိုက်မှု နှင့် စစ်ဘေးရှောင်ဦးရေ သိသိသာသာ မြင့်တက်လာခဲ့သည်။

ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) (MDY-PDF) က နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး၊ စစ်ကော်မရှင်၏ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ ဖော်ပြခဲ့သည်။

MDY-PDF အဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် တရားမဝင်၊ အတုအယောင် ရွေးကောက်ပွဲ ကို အဓမ္မပြုလုပ်ရန် ဆောင်ရွက်လျက်ရှိပြီး ယင်းကာလမတိုင်မီတွင် သာလွန်အင်အားများစွာ အသုံးပြု၍ မိမိတို့ တော်လှန်ရေး တပ်ဖွဲ့များ၏ ထိန်းချုပ်စိုးမိုးနယ်မြေများကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။ မတ္တရာမြို့ နယ်၊ စဥ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့သည်လည်း အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက အတု အယောင် ရွေးကောက်ပွဲ ပြုလုပ်ရန် လျာထားသည့် မြို့နယ်များစာရင်းတွင် ပါဝင်နေပါသည် ဟု ဖော်ပြထား သည်။

လက်ရှိတွင် အဆိုပါမြို့နယ် သုံးခုအတွင်းမှ အရပ်သားပြည်သူ သောင်းနှင့်ချီသည် မိမိတို့၏ နေအိမ်များကို စွန့်ခွာ ကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

စစ်ဘေးရှောင်များအား ကူညီပေးနေသူများ၏ ပြောပြချက်အရ အရေးပေါ် အကူအညီများ ပြင်းထန်စွာ လိုအပ် နေသည်။

စစ်ဘေးရှောင်များကို ကူညီနေသည့် ဒေသခံ ပရဟိတအဖွဲ့ဝင်တစ်ဦး က စစ်ဘေးရှောင် အများစုက ရုတ် တရက် ထွက်ပြေးလာကြရတာပါ။ အခုချက်ချင်း လိုအပ်နေတာကတော့ ကလေးငယ်တွေနဲ့ သက်ကြီး ရွယ် အိုတွေအတွက် အရေးပေါ် ဆေးဝါး၊ အနွေးထည်တွေ နဲ့ ဆန်၊ ဆီလိုမျိုး အခြေခံ စားနပ်ရိက္ခာတွေပါပဲ။ အခြေ အနေက တကယ်ကို စိုးရိမ်စရာဖြစ်လာပြီ ဟု ပြောသည်။

MDY-PDF ကမူ စစ်ကော်မရှင်၏ ထိုးစစ်ကို အစွမ်းကုန် ခုခံကာကွယ်သွားမည် ဖြစ်ကြောင်း ပြည်သူလူထုအား အသိပေးထားသည်။

MDY-PDF တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ၎င်းတို့အနေဖြင့် ပြည်သူလူထုအား တိုက်ပွဲများနှင့်ပတ်သက်၍ ကြိုတင် ပြင်ဆင်မှုများ၊ ဘေးအန္တရာယ်ကင်းရေး အစီအမံများ လုပ်ဆောင်ထားရန် မေတ္တာရပ်ခံ တိုက်တွန်းထားသည်။