အမေရိကန်က ပဉ္စမျိုးဆက်တိုက်လေယာဉ်တွေ အရှေ့အလယ်ပိုင်းကို ပို့ဆောင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်။
အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ မြင့်တက်လာနေချိန်တွင် အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့အဆင့်မြင့်ဆုံး စစ်ဘက်လေယာဉ်များကို အင်အားအလုံးအရင်းဖြင့် ဒုတိယမြောက်နေ့အဖြစ် ဆက်တိုက် ဖြန့်ကြက်နေသည်။
စစ်ရေးလေ့လာသူများနှင့် ဂြိုဟ်တုအချက်အလက်များအရ အမေရိကန် လေတပ်သည် ကမ္ဘာ့အဆင့်မြင့်ဆုံး ပဉ္စမမျိုးဆက် တိုက်လေယာဉ်များ ဖြစ်သည့် F-35A Lightning II နှင့် ဝေဟင်စိုးမိုးရေး တိုက်လေယာဉ် F-22 Raptor များကို အရှေ့အလယ်ပိုင်းသို့ ဦးတည် စေလွှတ်နေခြင်း ဖြစ်သည်။
ထို့အပြင် မြေပြင်ပစ်မှတ်များကို အဝေးမှ တိတိကျကျ တိုက်ခိုက်နိုင်သည့် F-15E Strike Eagle များ၊ အမေရိကန်လေတပ်၏ ပင်မဒေါက်တိုင် F-16 တိုက်လေယာဉ်များနှင့် အတူ ဝေဟင်တိုက်ပွဲများကို
ကြိုတင်ထောက်လှမ်း ထိန်းချုပ်ပေးနိုင်သည့် အေဝက် AWACS လေယာဉ်တွေကိုပါ အစုလိုက်အပြုံလိုက် ဖြန့်ကြက်နေခြင်း ဖြစ်သည်။
သတင်းရင်းမြစ်များ၏ အဆိုအရ အဆိုပါ F-35 တိုက်လေယာဉ်အုပ်စုသည် အတ္တလန်တိတ်သမုဒ္ဒရာအတွင်းက Lajes (လာဂျက်စ်) လေတပ်စခန်းတွင် ခေတ္တရပ်နားပြီး အရှေ့အလယ်ပိုင်းကို ဆက်လက်ထွက်ခွာနေသည်ဟု ဆိုသည်။
ထူးခြားချက်အနေဖြင့် ဗင်နီဇွဲလားနိုင်ငံအနီးတွင် စစ်ဆင်ရေးဆောင်ရွက်နေသည့် တိုက်လေယာဉ်များကိုပင် ရုပ်သိမ်း၍ အရှေ့အလယ်ပိုင်းသို့ အရေးပေါ် ပြောင်းရွှေ့ခိုင်းထားခြင်း ဖြစ်သည်။
အမေရိကန်အစိုးရက တရားဝင် အကြောင်းပြချက် မထုတ်ပြန်သေးသော်လည်း ယခုလုပ်ဆောင်ချက်သည် ဒေသတွင်းရှိ ရန်လိုသည့် အင်အားစုများကို ဟန့်တားရန်နှင့် အမေရိကန်၏ စစ်အင်အားကို ထုတ်ဖော်ပြသရန်အတွက်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။