Air Force One အရောင်ပြောင်းမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်။
အမေရိကန်သမ္မတများ စီးနင်းသည့် Air Force One လေယာဉ်ကို သမ္မတ ဒေါ်နယ်ထရမ့် လိုလားသည့် ဆေးအရောင်သို့ ပြောင်းလဲ ရန် အမေရိကန် လေတပ်က သဘောတူလိုက်သည်။
၁၉၆၀ ပြည့်နှစ်ကျော် ဂျွန်အက်ဖ်ကနေဒီ လက်ထက်ကတည်းက အသုံးပြုလာသည့် ရိုးရာ ကောင်းကင်ပြာရောင် (Baby Blue) ကို ဖယ်ရှားပြီး သမ္မတ ဒေါ်နယ်ထရမ့် အဆိုပြုထားသည့် အနီ၊ အဖြူ၊ အပြာရင့်နှင့် ရွှေရောင် (Red, White, Dark Blue, and Gold) ဆေးများဖြင့် ပြောင်းလဲသုတ်ရန် အမေရိကန်လေတပ်က အတည်ပြုလိုက်ပြီ ဖြစ်သည်။
ဆေးရောင်ပြောင်းလဲမည့် လေယာဉ်များတွင် လက်ရှိ Boeing ကုမ္ပဏီက တည်ဆောက်နေသည့် 747-8 လေယာဉ်သစ် နှစ်စီး။ ကာတာနိုင်ငံက လက်ဆောင်ပေးထားသည့် 747-8 ဇိမ်ခံလေယာဉ် နှင့် ဒုသမ္မတ၊ သမ္မတကတော်နှင့် အစိုးရအဖွဲ့ဝင်များ စီးနင်းသည့် လေယာဉ်ငယ် (၄) စီး တို့ ပါဝင်မည်ဖြစ်သည်။
သမ္မတ ဒေါ်နယ်ထရမ့် ပထမအကြိမ် သမ္မတ ဖြစ်စဉ် ၂၀၁၉ ခုနှစ်တွင် ဤအရောင်ကို အဆိုပြုခဲ့သော်လည်း ဘိုင်ဒင်အစိုးရလက်ထက်တွင် “အပူလွန်ကဲမှု ပြဿနာ” ရှိနိုင်သည်ဆိုကာ ပယ်ဖျက်ခဲ့သည်။
၂၀၂၅ ခုနှစ်မှာ ဒေါ်နယ်ထရမ့် ဒုတိယအကြိမ် သမ္မတ ဖြစ်လာချိန်တွင် ဤ အစီအစဉ်ကို ပြန်လည် အသက်သွင်းခဲ့ခြင်းလည်း ဖြစ်သည်။
လေယာဉ်ရဲ့ အောက်ခြေပိုင်းကို အပြာရင့်ရောင် သုတ်ထားပြီး အလယ်တွင် အနီရောင်အစင်းကြောင်း ပါဝင်မည် ဖြစ်သည်။