RFA ပြန်လာပြီ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်။
Radio Free Asia လွတ်လပ်သော အာရှ အသံ၏ တရုတ်ဘာသာဖြင့် အသံလွှင့်ထုတ်မှုများ ပြန်လည် စတင်လိုက်ပြီ ဖြစ်ကြောင်း RFA အမှုဆောင်အရာရှိချုပ်က ယမန်နေ့က ပြောကြားခဲ့သည်ဟု ရိုက်တာ သတင်းတွင် ဖော်ပြချက်ကို ဘန်ကောက်ပို့စ် သတင်းစာက ထပ်ဆင့်ဖော်ပြသည်။
လတ်တလောတွင်တရုတ် (Mandarin)၊ တိဗက် (Tibetan) နှင့် ဝီဂါ (Uyghur) ဘာသာစကားများဖြင့် ထုတ်လွှင့်မှုများကို ပြန်လည်စတင်ခဲ့ခြင်း ဖြစ်သည်။
RFA ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ (ဘေးဖန်) Bay Fang က ယခုကဲ့သို့ ပြန်လည်ထုတ်လွှင့်နိုင်ခြင်းမှာ ပုဂ္ဂလိက အသံလွှင့်ဝန်ဆောင်မှု ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု LinkedIn တွင် ရေးသားခဲ့သည်။
RFA ပြောရေးဆိုခွင့်ရှိသူ Rohit Mahajan ၏ ပြောကြားချက်အရ မြန်မာ၊ တိဗက် နှင့် မြောက်ကိုရီးယား နိုင်ငံများသို့လည်း ပုဂ္ဂလိက ကုမ္ပဏီများနှင့် ချိတ်ဆက်ကာ အသံလွှင့်ထုတ်လွှင့်မှုများ ဆောင်ရွက်နေပြီဖြစ်သည်ဟု ဆိုသည်။ မကြာမီတွင် မြန်မာဘာသာ အစီအစဉ်များကို လှိုင်းတို (Short-wave) နှင့် လှိုင်းလတ် (Medium-wave) ကြိမ်နှုန်းများမှတစ်ဆင့် နားဆင်နိုင်မည် ဖြစ်သည်။
ယခုလအစောပိုင်းတွင် သမ္မတ ထရမ့် လက်မှတ်ရေးထိုးခဲ့သည့် နှစ်ပါတီသဘောတူ ရန်ပုံငွေဥပဒေအရ RFA ကို ကြီးကြပ်သည့် US Agency for Global Media (USAGM) အတွက် ဒေါ်လာ ၆၅၃ သန်း ခွင့်ပြုခဲ့သည်။
ယင်းပမာဏသည် ယခင်နှစ်များကထက် နည်းပါးသော်လည်း USAGM ကို ပိတ်ပစ်ရန် ထရမ့် တောင်းဆိုခဲ့သည့် ပမာဏထက်တော့ ပိုမိုများပြားနေသည်။
ပြီးခဲ့သည့်နှစ်တွင် သမ္မတ ထရမ့်က ခန့်အပ်ခဲ့သည့် USAGM ယာဉ်အမှုဆောင်အရာရှိချုပ် Kari Lake သည် အခွန်ထမ်းပြည်သူများ၏ ငွေကြေးကို ဖြုန်းတီးခြင်းနှင့် ထရမ့်အပေါ် ဘက်လိုက်မှုရှိခြင်းတို့ကို အကြောင်းပြကာ RFA နှင့် Voice of America (VOA) တို့ထံ ပေးအပ်သည့် ရန်ပုံငွေများကို ရပ်ဆိုင်းခဲ့သည်။
ယင်းလုပ်ရပ်ကြောင့် ဝန်ထမ်းအမြောက်အမြား အလုပ်ထုတ်ခံခဲ့ရပြီး အမေရိကန်၏ သြဇာလွှမ်းမိုးမှုကို တရုတ်ထံ ပေးအပ်လိုက်သလိုဖြစ်သည်ဟု ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
ဝါရှင်တန်ရှိ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူကမူ RFA သည် တရုတ်နိုင်ငံအပေါ် အပုပ်ချသည့် သတင်းမှားများကို နှစ်ရှည်လများ ဖြန့်ဝေနေသည့် အဖွဲ့အစည်းဖြစ်သည်ဟု စွပ်စွဲပြောကြားခဲ့သည်။