လူပုံစံတူစက်ရုပ်က ဟာ့ဖ် မာရသွန် ကမ္ဘာ့စံချိန်ချိုးပြီး ပန်းဝင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်။
တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ဧပြီလ ၁၈ ရက်နေ့က ကျင်းပခဲ့သော ဟာ့ဖ်မာရသွန် (Half Marathon) ပြိုင်ပွဲတွင် တရုတ်စမတ်ဖုန်းထုတ်လုပ်သည့် Honor ကုမ္ပဏီမှ တီထွင်ထားသော လူပုံစံတူစက်ရုပ် (Humanoid Robot) သည် လူသားများတင်ထားသည့် ကမ္ဘာ့စံချိန်ကို ချိုးဖျက်ကာ ပန်းဝင်သွားခဲ့သည်။
အဆိုပါစက်ရုပ်သည် ၁၃ မိုင်ခရီးစဉ်ကို ၅၀ မိနစ်နှင့် ၂၆ စက္ကန့် တည်းဖြင့် ပန်းဝင်ခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိလူသားများအကြား ကမ္ဘာ့စံချိန်တင်ထားသည့် ယူဂန်ဒါအပြေးသမား Jacob Kiplimo ၏ စံချိန် (၅၇ မိနစ် ၂၀ စက္ကန့်) ထက် ၇ မိနစ်နီးပါး ပိုမိုမြန်ဆန်ခဲ့သည်။
မနှစ်က ပြိုင်ပွဲတွင် စက်ရုပ်များမှာ မကြာခဏလဲကျမှုများရှိခဲ့ပြီး အမြန်ဆုံးစက်ရုပ်ပင်လျှင် ၂ နာရီခွဲကျော် ကြာမြင့်ခဲ့သော်လည်း ယခုနှစ်တွင် နည်းပညာတိုးတက်မှုကြောင့် သိသာသော ရလဒ်ကို ရရှိခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် စက်ရုပ်နည်းပညာနှင့် AI ကဏ္ဍတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံလျက်ရှိရာ ၂၀၂၅ ခုနှစ် တစ်နှစ်တည်းတွင်ပင် ရင်းနှီးမြှုပ်နှံမှုပမာဏ ယွမ် ၇၃ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်) အထိ ရှိခဲ့သည်ဟု ဆိုသည်။
အဆိုပါပြိုင်ပွဲတွင် စက်ရုပ်များနှင့် လူသားများကို လမ်းကြောင်းခွဲ၍ ယှဉ်ပြိုင်စေခဲ့ခြင်း ဖြစ်သည်။