လူတူစက်ရုပ် (Humanoid Robot) ကြောင့် လေယာဉ်ခရီးစဉ်နောက်ကျမှု ဖြစ်ပွား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်။
အမေရိကန်ပြည်ထောင်စု၊ အောက်ကလန်မှ ဆန်ဒီယေဂိုသို့ ပျံသန်းမည့် Southwest လေကြောင်းလိုင်း၏ ခရီးစဉ်တစ်ခုတွင် “Bebop” အမည်ရှိ လူတူစက်ရုပ်တစ်ရုပ်ကြောင့် လေယာဉ်ထွက်ခွာချိန် တစ်နာရီကျော်ကြာ နောက်ကျခဲ့ရသည်။
အလေးချိန် ပေါင် ၇၀ ရှိသော အဆိုပါစက်ရုပ်ကို ပိုင်ဆိုင်သည့်ကုမ္ပဏီသည် စက်ရုပ်ကို သေတ္တာအတွင်းထည့်၍ တင်ပို့ရန် အလေးချိန်မကိုက်ညီသဖြင့် ခရီးသည်လက်မှတ်ဝယ်ယူကာ ထိုင်ခုံတွင် သီးသန့်တင်ဆောင်ခဲ့ခြင်းဖြစ်သည်။
သို့သော် စက်ရုပ်အတွင်း ပါဝင်သော လီသီယမ်ဘက်ထရီမှာ လေကြောင်းလိုင်း၏ လုံခြုံရေးသတ်မှတ်ချက်ထက် ပိုမိုကြီးမားနေသဖြင့် စစ်ဆေးခြင်းနှင့် ဖြုတ်ယူသိမ်းဆည်းခြင်းများ လုပ်ဆောင်ခဲ့ရခြင်းကြောင့် ခရီးစဉ်နှောင့်နှေးခဲ့ရခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် ကုမ္ပဏီ၏ ကြော်ငြာလိုမှု (Publicity Stunt) အဖြစ် ဝေဖန်မှုများရှိသလို၊ လေယာဉ်နောက်ကျမှုကြောင့် ခရီးစဉ်လွဲချော်ခဲ့ရသည့် ခရီးသည်များ၏ မကျေနပ်မှုများလည်း ထွက်ပေါ်လျက်ရှိသည်။
စက်ရုပ်များက အလုပ်ကိုသာမက လေယာဉ် ထိုင်ခုံကို ပါ လုယူနေပြီဟု နောက်ပြောင်ပြောဆိုမှုများလည်း ရှိနေသည်။