စက်သုံးဆီရှားပါးမှုကြောင့် ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်လုနီးဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်။
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ဒေသတွင်း လေ့လာစောင့်ကြည့်နေသည့် FE5 Tanintharyi အဖွဲ့က ပြောသည်။
မြန်မာနိုင်ငံတောင်ပိုင်း၊ တနင်္သာရီတိုင်းအတွင်း စက်သုံးဆီဈေးနှုန်းများ အဆမတန်မြင့်တက်လာမှုနှင့် ကန့်သတ် ချက်များကြောင့် ဒေသ၏ အဓိကစီးပွားရေးဖြစ်သော ကမ်းနီးငါးဖမ်းလုပ်ငန်းများ အခက်ကြုံနေရခြင်း ဖြစ်သည်။
တနင်္သာရီတိုင်း အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်အနက် ထားဝယ်နှင့် တနင်္သာရီမြို့နယ်တို့မှအပ ကျန်ရှိသည့် ငါးဖမ်းလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည့် မြို့နယ် ၈ မြို့နယ်တွင် စက်သုံးဆီ ရှားပါးမှုနှင့် ဈေးနှုန်းမြင့်တက်မှု ဒဏ်ကို ပိုမိုရင်ဆိုင်နေရသည်။
လက်ရှိတွင် ရေလုပ်သားအများစုမှာ ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ရန် အဆင်မပြေတော့သဖြင့် လုပ်ငန်းများကို ယာယီရပ်နားကာ နီးစပ်ရာ ကျပန်းအလုပ်များကိုသာ လုပ်ကိုင်နေကြရသည်။
FE5 Tanintharyi ၏ အယ်ဒီတာတစ်ဦးက “အခုကြုံတွေ့နေရတာက ကမ်းနီး ရေလုပ်ငန်းတွေ ဖြစ်တယ်ပေါ့ နော်။ တနင်္သာရီတိုင်းမှာ ၁၀ မြို့နယ် ရှိတဲ့အထဲမှာ ထားဝယ်နဲ့ တနင်္သာရီမြို့နယ်ကတော့ ပင်လယ်ငါးဖမ်း လုပ် ငန်းက နည်းတော့ အဲ့ဒီ မြို့နယ် ၂ ခုက လွဲရင် ကျန်တဲ့ ၈ မြို့နယ်ကတော့ အဲ့ဒီအခက်အခဲတွေ ရင်ဆိုင်နေရတဲ့ အနေအထား ရှိတယ်ပေါ့နော်။ အများစု ကတော့ ယာယီ ရပ်နားထားကြတဲ့ အနေအထား ရှိတယ်ပေါ့လေ။ မိသားစုဝင်ငွေ ရဖို့အတွက်က နီးစပ်ရာ အလုပ်တွေ ရွာထဲမှာရှိတဲ့ အလုပ်တွေကို လုပ်ကိုင် စားသောက်နေကြတဲ့ အနေအထား ရှိတယ်ပေါ့နော်” ဟု ပြောသည်။
ကမ်းဝေးငါးဖမ်း လုပ်ငန်းများမှာမူ ဧပြီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ငါးသားပေါက်ရာသီအဖြစ် သတ် မှတ်ကာ ၃ လကြာ ပိတ်ထားလေ့ရှိသဖြင့် လက်ရှိတွင် ပုံမှန်အတိုင်း ရပ်နားထားသော်လည်း၊ နေ့စဉ်ဝမ်းရေး အတွက် အားကိုးနေရသည့် ကမ်းနီးလှေငယ်များမှာမူ စက်သုံးဆီဈေးနှုန်းကြောင့် အကျပ် ဆိုက်နေခြင်း ဖြစ်သည်။
တနင်္သာရီတိုင်းအတွင်း စက်သုံးဆီဈေးနှုန်းသည် ယခင်က တစ်ပီပါလျှင် ကျပ် ၇ သိန်းဝန်းကျင်သာ ရှိခဲ့သော် လည်း လက်ရှိတွင် ၁၄ သိန်းမှ သိန်း ၂၀ ကျော်အထိ မြင့်တက်သွားခဲ့သည်။
ထိုသို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ လက်ရှိအသွင်ပြောင်း စစ်အစိုးရ၏ စက်သုံးဆီဆိုင်များအပေါ် တင်းကျပ်သည့် မူဝါဒများနှင့် သယ်ယူပို့ဆောင်ရေး ကန့်သတ်ချက်များကြောင့် ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
FE5 Tanintharyi ၏ အယ်ဒီတာက “လက်ရှိ အသွင်ပြောင်း စစ်အစိုးရကနေပြီးတော့ စစ်သုံးဆီနဲ့ ပတ်သက် တဲ့ မူဝါဒကို သူတို့က တင်းကြပ်တယ်။ စက်သုံးဆီရောင်းနေတဲ့ အရောင်းဆိုင်တွေမှာလည်း သူတို့ ဘယ်လောက်ပဲ ရောင်းပါ ဆိုတာမျိုးနဲ့ စက်သုံးဆီက လိုတဲ့နေရာ ပို့လို့မရတဲ့ အနေအထား ဖြစ်လာတယ်ပေါ့နော်။ စက်သုံးဆီ ဂယက် မဖြစ်ခင်တုန်းကဆိုရင် စက်သုံးဆီ တစ်ပီပါကို ၇ သိန်းဝန်ကျင်ပဲ ရှိရာကနေ အခုလက်ရှိမှာ ၁၄ သိန်း၊ အမြင့်ဆုံး အနေအထားမှာဆိုရင် သိန်း ၂၀ ကျော် အထိ ရှိသွားတယ်ပေါ့နော်” ဟု ဆက်လက် ရှင်းပြသည်။
ထို့ပြင် ရေလုပ်သားများ အနေဖြင့် စက်သုံးဆီကို သင့်တင့်သည့်ဈေးနှုန်းဖြင့် အလွယ်တကူ ဝယ်ယူခွင့်ရရှိရန်နှင့် ဖမ်းဆီးရမိသော ငါးများကိုလည်း ထိုက်တန်သည့် ဈေးကောင်းရရှိရန် မျှော်လင့်နေကြသော်လည်း လက်ရှိတွင် လုပ်ငန်းရှင်အများစုမှာ အခြေအနေကို စောင့်ကြည့်နေကြရဆဲ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံသတင်းရင်းမြစ်က“ဒီစက်သုံးဆီကို လောလော လတ်လတ် ဝယ်ခွင့်ရဖို့ရယ် တင့်သင့်မျှတတဲ့ ဈေးနှုန်း ဖြစ်အောင်ရယ် နောက်ပြီး တော့ ဖမ်းဆီးရမိတဲ့ ငါးတွေကို ဈေးကောင်းကောင်းနဲ့ ပြန်ရောင်းခွင့်ရဖို့ မျှော်လင့်တာပေါ့လေနော်။ ဆိုတော့ လက်ရှိ အခင်းအကျင်း ကတော့ စက်သုံးဆီဂယက်ကြောင့် ကမ်းနီးငါးဖမ်း လုပ်ငန်းရှင် အများစုကတော့ စောင့်ကြည့်နေကြဆဲ အခြေအနေ ဖြစ်တယ်ပေါ့နော်” ဟု ၎င်းက ပြောသည်။
ရေရှည်တွင် စက်သုံးဆီ အခက်အခဲ ဆက်လက်ဖြစ်ပေါ်နေပါက တနင်္သာရီတိုင်း၏ အဓိက မှီခိုအားထားရာ ဖြစ်သော ငါးဖမ်းလုပ်ငန်းကြီး တစ်ခုလုံး ရပ်ဆိုင်းသွားနိုင်သည်ဟု ဒေသခံများက ပြောသည်။
လက်ရှိတွင် စက်သုံးဆီရှားပါးမှု ဂယက်ကြောင့် ရေလုပ်ငန်းသာမက ဥယျာဉ်ခြံလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်း များပါ ထိခိုက်နေပြီး၊ ဒေသတွင်း တိုက်ပွဲများနှင့် ပဋိပက္ခများကြောင့် ဝင်ငွေကျဆင်းနေသည့်ကြားမှ ကုန်ဈေး နှုန်း ကြီးမြင့်မှု ဒဏ်ကိုပါ ထပ်ဆင့်ရင်ဆိုင်နေကြရသည်။