ဝဋ်ကြီးလွန်းသူတို့၏ ဒုက္ခနှင့် လယ်ပြင်က သောကများ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၃ ရက်။
ဘုဏ်းမြတ်ရွှေ ရေးသည်…….
ဧပြီလ၏ နေပူပူအောက်တွင် သုံးရက်မြောက် လှန်းထားသည့် စပါးများ သွေ့သွေ့ခြောက်လေပြီ။
ပခုံးပေါ်တွင် ထမ်းထားသည့် နောက်ဆုံးလက်ကျန် စပါးအိတ်ကို စပါးကျီထဲသို့ ထည့်ပြီးသွားသော ကိုချစ်လွင်က “အကုန် အဆုံးသတ်နိုင်ဖို့ သုံးလလောက် လူမနားစိတ်မအား ကြိုးစားအားထုတ်ပြီး လုပ်ကိုင်ခဲ့ရတာပေါ့” ဟု ဆောင်းမှာစပြီး နွေသိမ်းခဲ့သည့် ၎င်း၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းနှင့် ပတ်သက်၍ ဖွင့်ဟလာသည်။
ယခုနှစ် နွေစပါးစိုက်ပျိုးရသည့် ကာလသည် ယခင်နှစ်များကထက် စိန်ခေါ်မှုပိုများခဲ့သည်ဟု ဧရာဝတီတိုင်း အတွင်းမှ လယ်သမားများက မှတ်ချက်ပြုကြသည်။
ငွေကြေးတတ်နိုင်သည့် လယ်သမားကြီးအချို့အဖို့ ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေကို ခန့်မှန်း၍ စက်သုံး ဆီဈေး ကြီးမြင့်လာနိုင်သည်ကို တွက်ဆမိကြကာ ကြိုတင်ဝယ်ယူ စုဆောင်းထားနိုင်ခဲ့ကြသဖြင့် စက်သုံးဆီဈေး အလှုပ်အခတ်အတွင်း သိသိသာသာ ရုပ်ပျက်ဆင်းပျက် မဖြစ်ခဲ့ကြပေ။
၏သို့သော်လည်း ငွေရင်းချို့တဲ့သည့် လယ်သမားငယ်များ အဖို့မူ အပူပေါ်အပူဆင့်ခဲ့ကြရပြီး သွက်သွက်ခါ ခဲ့ရ သည်ဟု လယ်ဧကနည်း လယ်သမားငယ်များက ပြောသည်။
ကန်ကြီးဒေါင့်မြို့နယ် ကျွန်းချောင်းကျေးရွာမှ အသက် ၄၀ ကျော်ခန့် လယ်သမားတစ်ဦးက “ဆီဈေးတက်တော့ မယ်၊ ဆီပြတ်နိုင်တယ်ဆိုတာ ကြိုပြီးတွေးဆနိုင်ပေမယ့် ငွေမရှိဘူးလေ။ ဖြစ်လာမှ ယောက်ျားပဲဆိုပြီး သိသိနဲ့ လည်စင်းပေးလိုက်ရတာ ကူသူလည်းမရှိသလို ကယ်သူလည်းမရှိခဲ့ပါဘူး”ဟု ဖွင့်ဟသည်။
ပြီးခဲ့သော ဇန်နဝါရီလလယ်ခန့်မှ စတင်ကာ ဖြစ်ပေါ်ခဲ့သည့် စစ်တပ်၏ စက်သုံးဆီဝယ်ယူရန် ကန့်သတ်ခြင်း၊ ဈေးနှုန်းထိုးတက်ခြင်းနှင့် ဆီပြတ်လပ်ခဲ့ပြီး ဝယ်ယူရန် ခက်ခဲခြင်းများကြောင့် လယ်သမားငယ်များအဖို့ အကြွေးပေါ်အကြွေးဆင့်ခဲ့ကြသော်လည်း အခက်အခဲအား ကျော်လွှားနိုင်သည်ကို မြင်တွေ့ခဲ့ရသည်။
ဘုရားကြီးကုန်းကျေးရွာမှ အသက် ၅၀ ကျော် လယ်သူမကြီး ဒေါ်မြရွှေကလည်း “နွေနေအောက်က ရေနည်း နေတဲ့ ချောင်းထဲက ငါးတွေလိုပါပဲ၊ ဖျပ်ဖျပ်ကို လူးနေတာပေါ့။ ဆီဝယ်ရဖို့ ထောက်ခံစာလုပ်ရ၊ ညအိပ်သွားပြီး ဆီတန်းစီရ၊ ဆီဝယ်ဖို့ ပိုက်ဆံရှာရနဲ့လေ သောကတွေနဲ့ နပန်းလုံးခဲ့ရတာပေါ့” ဟု ညှိုးငယ်သောမျက်နှာဖြင့် ပြောရှာသည်။
ဧရာဝတီတိုင်းအတွင်းမှ လယ်သမားများသည် နွေစပါးကို ဒီဇင်ဘာလဆန်းပိုင်းတွင် စတင်စိုက်ပျိုးကြပြီး ရက် ၉၀ စပါး၊ ရက် ၁၀၀ စပါး၊ ပခန်းရွှေဝါ စပါးမျိုးတို့ကို လယ်ကွင်းထဲတွင် အဓိကမြင်တွေ့ရသည်။
အပင်နှစ်ဆယ်ကျေးရွာမှ လယ်သမားတစ်ဦးက “နွေစပါးကတော့ ကြဲခင်းပဲစိုက်ကြတာ။ တစ်ဧကကို မျိုးစပါး သုံးတင်းကြဲရတယ်။ ရေနဲ့ ဓာတ်မြေဩဇာကိုပဲ အားပြုကြရတာပေါ့။ တစ်ဧကအတွက် ဆီ ရှစ်ဂါလံနဲ့ ဆယ်ဂါလံကြား သုံးရတယ်” ဟု ပြောဆိုသည်။
ဇန်နဝါရီလနှောင်းပိုင်းတွင် နိုင်ငံရေး အခြေအနေများနှင့် မူဝါဒအပြောင်းအလဲကြောင့် စက်သုံးဆီဈေး တက်ရိပ် ပြလာခဲ့ရာ၊ ငွေကြေးတတ်နိုင်သည့် လယ်သမားကြီးများက ကြိုပြီးဝယ်ယူထားနိုင်ခဲ့သဖြင့် နစ်နာမှုနည်းခဲ့ သည်ဟု လယ်သမားများနှင့် ရင်းနှီးသူများက သုံးသပ်ကြသည်။
ပုသိမ်မြို့နယ် မြို့ကျောင်းကျေးရွာမှ အသက် ၆၀ ကျော် လယ်သမားကြီးတစ်ဦးက “ဆီတစ်ပေပါကို ၈ သိန်း ဈေး နဲ့ ၃ ပေပါ ကြိုဝယ်ထားလိုက်မိတာ ကံကောင်းတယ်ဆိုရမှာပေါ့။ နောက်ပိုင်းကျတဲ့သူတွေ ၂၆ သိန်း၊ ၂၇ သိန်းနဲ့ ဝယ်ပြီးရေတင်ကြရတာ။ ဒီဈေးနဲ့ရတာကိုပဲ ကျေးဇူးတင်နေရသေးတာ” ဟု ပြောသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးထံ ငွေ ၅,၀၀၀ ကျပ်ပေး၍ အမှန်တကယ် လယ်လုပ်ကြောင်း ထောက်ခံစာဖြင့် တစ်ရက် အတွက် ဆီ ၂ ဂါလံ ရရှိရေး ညအိပ်တန်းစီ ဝယ်ယူခဲ့ကြရသော်လည်း၊ အချို့ရက်များတွင် အလှည့်မရောက်မီ ဆီကုန်သွားသဖြင့် လက်ဗလာနှင့် ပြန်ခဲ့ရသည့်ရက်များရှိသည်ဟု လယ်သမားအချို့က တွေ့ကြုံခဲ့ရသည်များကို ပြောပြသည်။
၂၀၂၆ ခုနှစ် ဧပြီလကုန်ပိုင်းအထိ မြန်မာနိုင်ငံတွင် စက်သုံးဆီပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် တောင်သူများအနေဖြင့် လယ်ယာသုံးစက်သုံးဆီ ရရှိရေးတွင် အခက်အခဲများစွာ ရင်ဆိုင်နေရသည်။
အချို့ဒေသများတွင် ထွန်စက်၊ ရိတ်ခြွေစက်နှင့် ရေစုပ်စက်များအတွက် သက်ဆိုင်ရာဌာနများနှင့် အုပ်ချုပ်ရေး အဖွဲ့များ၏ ထောက်ခံစာဖြင့် ခွဲတမ်းစနစ်အရ ဝယ်ယူခွင့်ပြုထားသော်လည်း လက်တွေ့တွင် သတ်မှတ် ပမာဏ အတိုင်း မရရှိခြင်း၊ ဆီဆိုင်များ၌ အလွယ်တကူ ဝယ်ယူမရခြင်းတို့ ကြုံတွေ့နေရသည်။
ငွေရင်းနည်း တောင်သူငယ်အများစုသည် ပြင်ပမှောင်ခိုဈေးကွက်တွင် တစ်ဂါလံလျှင် ကျပ်နှစ်သောင်းကျော် အထိ ပေးဝယ်နေရပြီး စိုက်ပျိုးရေးစရိတ်များ ပိုမိုမြင့်တက်လာနေသည်။
အထူးသဖြင့် မိုးစပါးစိုက်ပျိုးရာသီ နီးကပ်လာချိန်တွင် စက်သုံးဆီဝယ်ယူမှုအပေါ် ကန့်သတ်ချက်များ တင်းကျပ် လာသဖြင့် တောင်သူများ ပိုမိုအခက်တွေ့နေကြသည်။
လက်ရှိ ပဲတီစိမ်းရိတ်သိမ်းရန် အတွက်သာ ခွဲတမ်းဖြင့် ရောင်းချပေးနေပြီး၊ မိုးစပါးစိုက်ပျိုးရန်အတွက် ဆီဝယ် ယူလိုပါက မြို့နယ်အဆင့် ထောက်ခံချက်များ ထပ်မံတင်ပြရသည့် အခြေအနေဖြစ်နေသည်ဟု ကန်ကြီးဒေါင့် မြို့နယ် ကျွန်းချောင်းရွာမှ လယ်သမားတစ်ဦးက ရှင်းပြသည်။
စက်သုံးဆီ အလွယ်တကူ မရရှိခြင်းကြောင့် စိုက်ခင်းများ ရေမသွင်းနိုင်ခြင်း၊ စိုက်ပျိုးချိန်နှောင့်နှေးခြင်းနှင့် လယ်ယာသုံးစက်များ ရပ်နားထားရခြင်းတို့ ဖြစ်ပေါ်နေပြီး တောင်သူများ၏ ဝင်ငွေနှင့် လာမည့်စိုက်ပျိုးရေးရာသီ အပေါ် ကြီးမားသော ဖိအားများ သက်ရောက်နေသည်ကို တွေ့ရသည်။
နွေစပါးသည် ရေနှင့် ဓာတ်မြေဩဇာကို အဓိကအားထားစိုက်ပျိုးရသည်ဖြစ်သောကြောင့် တစ်ဧကကို ပုလဲဓာတ် မြေဩဇာ ၂ အိတ်၊ ဒီစူပါ ၁ အိတ်နှင့် ပိုတက် ၃ ပုံ ၁ ပုံခန့် မိုးစပါးထက်ပို၍ အသုံးပြုရသည်ဟု စိုက်ပျိုးရေး ဝန်ထမ်းအချို့က ပြောသည်။
ပုလဲဓာတ်မြေဩဇာ ၁ အိတ် လျှင် ၁ သိန်းကျပ်၊ ဒီစူပါ ၁ အိတ် လျှင် ၁ သိန်းငါးသောင်းကျပ်၊ ပိုတက် ၁ အိတ် လျှင် ၈၂,၀၀၀ ကျပ်ခန့် ဈေးရှိသဖြင့် တစ်ဧကအတွက် ဓာတ်မြေဩဇာဖိုး ၃ သိန်း ၇ သောင်းကျော်ခန့် အကုန် အကျခံကာ သုံးကြရသည်ဟု ဓာတ်မြေဩဇာရောင်းချသူများက ပြောသည်။
ကိုချစ်လွင်က “ပိုးသတ်ဆေးကလည်း မဖြစ်မနေသုံးကြရတာပဲ။ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေး၊ ဖြုတ်ပိုး၊ ပျပိုး၊ နှံစုပ်ပိုးတွေက လည်း ကျတတ်တော့ ဆေးဖိုးက တစ်ဧကကို မကုန်ဘူးဆိုရင်တောင် လေးသောင်း၊ ငါးသောင်းကတော့ ကုန်တယ်” ဟု ပြောသည်။
ဆက်လက်ပြီး နွေစပါးစိုက်ပျိုးစရိတ်သည် တစ်ဧက ကျပ် ၁၅ သိန်းခန့် ကုန်ကျနိုင်ပြီး၊ တစ်ဧက အထွက်နှုန်း တင်း ၈၀ ခန့် အနည်းဆုံးထွက်မှသာ စိုက်စရိတ်တွက်ချေကိုက်မည်ဟု ဆိုသည်။
လက်ရှိတွင် တက်ရိပ်ပြလာသည့် စပါးဈေး သိန်း ၂၀ ကျော်ရှိလာသဖြင့်သာ လယ်သမားများ အသက်ရှုပေါက် အနည်းငယ်ရနိုင်မည်ဟု မျှော်လင့် နေကြသည်။
ခေတ်ကာလအခြေအနေအရ စိုက်ပျိုးစရိတ်များ ကြီးမြင့်လာနေပါသည်။ သို့သော်လည်း စိုက်ဘဏ်မှ တစ်ဧက လျှင် ၁ သိန်းခွဲနှုန်းဖြင့် ၁၀ ဧကအတွက်သာ ထုတ်ချေးပေးသဖြင့် လုံလောက်မှု မရှိပေ။
ထို့ကြောင့် လယ်သမားများသည် အပြင်ချေးငွေများကို ၁၅ ကျပ်တိုး၊ ၂၀ ကျပ်တိုး စသည့် အတိုးကြီးများဖြင့် ချေးယူနေကြရသည်။
စပါးပေါ်ချိန်တွင် စပါးဖြင့် ပြန်ဆပ်ရသည့် ဤစနစ်သည် လယ်သမားများ၏ ဘဝကို ပို၍ နစ်မွန်းစေသည်လား စောကြောသင့်လှသည်ဟု လယ်သမားအရေး ဆောင်ရွက်နေသူတစ်ဦးက အကြံပြုပြောဆိုသည်။
စိုက်ဘဏ်မှ ချေးငွေရရှိရန် ပုံစံ ၇ ကို အပေါင်ထားရခြင်း ဖြစ်သည်။ သို့သော်လည်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွက် ချေးငွေများကို ပုံစံ ၇ အမည်ပေါက်သူ ကိုယ်တိုင်လာရောက် ထုတ်ယူမှသာ ချေးငွေထုတ်ပေးသည်။
ထို့ကြောင့် သေဆုံးပြီးသူများနှင့် ကျန်းမာရေးမကောင်းသူများ၏ မိသားစုဝင်များမှာ ထောက်ခံစာဖြင့် လာရောက်ထုတ်ယူ၍ မရကြပေ။ ဤကန့်သတ်ချက်ကြောင့် လယ်သမားအတော်များများ မိုးရောဆောင်းပါ ချေးငွေမရရှိကြဘဲ၊ အခက်အခဲများ ပိုမိုကြုံတွေ့နေရသည်ဟု ဧရာဝတီတိုင်းအတွင်းမှ လယ်သမားအချို့က ဆိုသည်။
ချေးငွေမရသည့် လယ်သမားတစ်ဦးက “ပုံစံ ၇ ကို အပေါင်ထားချေးတာလေ၊ ညာလို့မှမရတာ။ အမည်ပေါက် ကိုယ်တိုင်လာမှဆိုတာက တမင်ညစ်တယ်လို့ ထင်တာပဲ။ သေဆုံးတာ၊ ကျန်းမာရေးမကောင်းတာကြောင့် မလာ နိုင်ကြဘူး။ ယောက်ကျားကိုယ်စား မိန်းမကလာတာ ထောက်ခံစာလည်းပါတယ်၊ ဒါကိုမပေးဘူးဆိုတော့ မရိုးသားဘူးလို့ ထင်တယ်” ဟု ဆိုသည်။
စက်သုံးဆီပြတ်လတ်မှုကြောင့် စပါးရိတ်ခ တစ်ဧက ကျပ် ၂ သိန်းမှ ၂ သိန်း ၁ သောင်းခန့်အထိ ဈေးမြင့်တက်ခဲ့ သည်ကလည်း လယ်သမားတို့အတွက် ရင်မောစေသည့်အချက်ဟု ဆိုရပေလိမ့်မည်။
သင်္ကြန်ကာလပြီးနောက်တွင် ရက် ၉၀၊ တင်း ၁၀၀ လျှင် ကျပ် ၂၁ သိန်း၊ ရက် ၁၀၀ နှင့် ပခန်းရွှေဝါတို့မှာ ကျပ် ၁၉ သိန်းခန့်အထိ ဈေးတက်လာသဖြင့် လယ်သမားတို့၏ အမောနှင့် ရင်အပူကို ပြေလျော့စေသည်ဟု နွေစပါး စိုက် လယ်သမားအချို့က ဆိုသည်။
လာမည့် မေလ ဒုတိယပတ်နောက်ပိုင်း (နယုန်လဆန်း) တွင် မိုးစပါးစိုက်ရန် ပျိုးထောင်ကြရတော့မည်။ မိုးလည်း ဖြိုင်ဖြိုင်ရွာသွန်းဖြိုးပေရော့မည်။ လယ်သမားများ လယ်ပြင်၊ လယ်ထွန် လုပ်ခွင်ဝင်ကြရတော့မည်။
ထိုရက်အပိုင်းအခြားကာလတွင် စက်သုံးဆီဈေး အတက်အကျသည် မိုးစပါးစိုက်ဧက အနည်းအများအပေါ် သက်ရောက်မှုရှိလာနိုင်မည်လားဆိုသည်မှာ သံသယဖြစ်စရာ ကောင်းလှပေသည်။
မိုးစပါးစိုက်ပျိုးခြင်းသည် နွေစပါးစိုက်သကဲ့သို့ စက်သုံးဆီ အသုံးမပြုရသော်လည်း၊ ပျိုးထောင်ချိန်မိုးနည်းပါက ရေတင်ရန်နှင့် ထွန်ယက်ချိန်တို့တွင် စက်သုံးဆီ မဖြစ်မနေ အသုံးပြုရမည်ဖြစ်၍ လယ်စိုက်ဧက အလျော့အတင်း လုပ်ရန် ချိန်ဆတွက်ချက်ရာတွင် ထည့်သွင်းစဉ်းစားနေရသည်ဟု လယ်သမားအများစုက ပြောသည်။
၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းတွင် အယ်နီညို (El Nino) ရာသီဥတုဖြစ်စဉ် စတင်ဖြစ်ပေါ်လာနိုင်ပြီး ကမ္ဘာ့အပူချိန်နှင့် မိုးရွာသွန်းမှုပုံစံအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ဧပြီ ၂၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
၂၀၂၆ ခုနှစ် မေလနောက်ပိုင်းမှာ အယ်နီညိုဘက်ဆီ တဖြည်းဖြည်း ဦးတည်လာနိုင်ခြေ ၃၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်း ဝန်းကျင်ရှိနေသည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့က စိုက်ပျိုးရေးနှင့် ရေအရင်းအမြစ်အတွက် သတိပေး ထားသည်။
မိုးဦးကာလသည် ပုံမှန်ထက် အနည်းငယ် နောက်ကျနိုင်ပြီး နွေအစမတ်လအတွင်း လာနီညာနွယ်နေသည့် အရှိန်ကြောင့် အချိန်အခါမဟုတ် မိုးရွာခြင်း၊ လေပြင်းတိုက်ခြင်းများက ရိတ်သိမ်းခါနီး သီးနှံများကို ထိခိုက်စေ နိုင်တာကိုလည်း သတိထားရပါမည်ဟု ဆိုသည်။
အထူးသဖြင့် မိုးနှောင်းကာလ စပါးအနှံထွက်ခါနီး အောင်ရေလိုအပ်ချိန်တွင် အယ်နီညိုအရိပ်အယောင်ကြောင့် မိုးစောစီးစွာ ပြတ်သွားနိုင်ခြင်း စသည်တို့ကိုလည်း ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်ဟု ကမ္ဘာ့ မိုးလေဝသ အဖွဲ့က အကြံပြုထားသည်။
မည်သို့ပင်ဖြစ်စေ မိရိုးဖလာလယ်သမား ကိုချစ်လွင်က “လယ်သမားဆိုတာ ဝဋ်နာကံနာသမားနဲ့ တူတယ်။ ဆင်း ရဲမယ်မှန်း သိရက်နဲ့ လယ်ကိုလုပ်ချင်နေတာ။ မိုးသံကြားတာနဲ့ ခါးတောင်းကြိုက်ပြီးသားပဲ။ စိတ်ချ၊ ရှုံးလည်း လုပ်ဦးမှာ” ဟု မိုးစပါးစိုက်မည့်အကြောင်း ပြောနေချိန်တွင်….
ဘုရားကြီးကုန်းရွာမှ လယ်သူမကြီး ဒေါ်မြရွှေကတော့ “မဖြစ်မနေ ရေတင်ရမှာမို့ ဆီ တစ်ဂါလံကို ငါးသောင်းခွဲ ပေးဝယ်ပြီး သုံးခဲ့ရတဲ့နေ့တွေမှာ ဝဋ်ကြီးလွန်းလို့ ဒီနိုင်ငံမှာ လယ်သမားဖြစ်ရတာလို့ပဲ တွေးတွေးပြီး စိတ်တိုမိ တယ်”ဟု ဒေါသနှင့် ဆိုလေသည်။
ဓာတ်ပုံ- ဘုဏ်းမြတ်ရွှေ