အမေရိကန်တွင် ပညာသင်ကြားနိုင်မည့် Hubert Humphrey Fellowship အစီအစဉ်မှ လျှောက်လွှာခေါ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်။
အမေရိကန်ပြည်ထောင်စု၏ လူဝင်မှုကြီးကြပ်ရေးနှင့် ဗီဇာမူဝါဒများ ပိုမိုတင်းကြပ်လာနေချိန်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ပံ့ပိုးပေးသည့် Hubert H. Humphrey Fellowship Program (၂၀၂၇-၂၀၂၈) လျှောက်လွှာများကို ပြန်လည်ခေါ်ယူနေရာ၊ မြန်မာ့လူထုအကျိုးပြု လုပ်ငန်းခွင်မှ ပညာရှင်များအတွက် အဖိုးတန်သော အခွင့်အလမ်းတစ်ရပ် ဖြစ်လာနေသည်။
Humphrey Fellowship သည် အမေရိကန်အစိုးရ၏ Fulbright အစီအစဉ်အောက်တွင် ရှိပြီး၊ ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးဆဲနိုင်ငံများမှ အရည်အချင်းရှိသည့် အလယ်အလတ်တန်းစား ပညာရှင်များ (Mid-career Professionals) ကို အမေရိကန်ရှိ ထိပ်သီးတက္ကသိုလ်ကြီးများတွင် ၁၀ လကြာ ဘွဲ့မယူဘဲ (Non-degree) အဆင့်မြင့်ပညာရပ်များ လေ့လာခြင်းနှင့် လုပ်ငန်းခွင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းများကို လုပ်ဆောင်နိုင်ရန် ရည်ရွယ်သည့် အစီအစဉ်ဖြစ်သည်။
နိုင်ငံရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများကြောင့် မြန်မာနိုင်ငံမှ သာမန် ကျောင်းဗီဇာ (F-1) သို့မဟုတ် အလုပ်ဗီဇာ လျှောက်ထားသူများသည် အမေရိကန်သံရုံး၏ တင်းကြပ်သော စိစစ်မှုများနှင့် ကြုံတွေ့နေရပြီး အမိနိုင်ငံသို့ ပြန်လာမည်မဟုတ်ဟူသော သံသယဖြင့် ဗီဇာငြင်းပယ်ခံရမှု မြင့်မားနေသည်။
သို့သော် Humphrey အစီအစဉ်သည် အမေရိကန်အစိုးရကိုယ်တိုင် အပြည့်အဝ ပံ့ပိုးပေးထားသည့် (Fully-funded) အလဲအလှဲ အစီအစဉ် (Exchange Program) ဖြစ်ပြီး၊ ရွေးချယ်ခံရသူများသည် ပညာသင်ဆုအပြင် လေယာဉ်လက်မှတ်၊ နေထိုင်စရိတ်နှင့် ဗီဇာလုပ်ငန်းစဉ်များကို အမေရိကန်သံရုံး၏ တိုက်ရိုက်ပံ့ပိုးမှုဖြင့် ဆောင်ရွက်ခွင့်ရရှိမည်ဖြစ်သည်။
ထို့ပြင် ဤပရိုဂရမ်သည် အမိနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးနောက် ရရှိလာသည့် ဗဟုသုတများဖြင့် လူထုကို ပြန်လည်အကျိုးပြုမည့် ခေါင်းဆောင်များကိုသာ ရွေးချယ်ခြင်းဖြစ်သည့်အတွက်၊ ယခုလို ဗီဇာခက်ခဲနေချိန်တွင် စိတ်ချရဆုံးနှင့် သိက္ခာအရှိဆုံး လမ်းကြောင်းတစ်ခု ဖြစ်လာသည်။
လျှောက်ထားသူများသည် မိမိတို့ရွေးချယ်ထားသည့် နယ်ပယ်တွင် အနည်းဆုံး (၅) နှစ်ခန့် အချိန်ပြည့် လုပ်ငန်းအတွေ့အကြုံ ရှိရမည်ဖြစ်ပြီး၊ လူထုအကျိုးပြုလုပ်ငန်း (Public Service) တွင် ကတိကဝတ်ရှိသူ၊ အင်္ဂလိပ်စာ ကျွမ်းကျင်သူနှင့် ခေါင်းဆောင်မှု စွမ်းရည်ရှိသူများ ဖြစ်ရမည်။
ပညာသင်ဆုကို အောက်ပါ ကဏ္ဍများတွင် လျှောက်ထားနိုင်မည် ဖြစ်သည်။
• Communications/Journalism
ဆက်သွယ်ရေးနှင့် သတင်းစာ ပညာ
• Law/Governance
ဥပဒေ/ စီမံခန့်ခွဲမှု
• Natural Resources Policy
သဘာဝ သယံဇာတ မူဝါဒ
• Public/Economic Policy
လူထု/စီးပွားရေး မူဝါဒ
• Public Health
လူထု ကျန်းမာရေး
• Technology Policy
နည်းပညာ မူဝါဒ
လျှောက်ထားလိုသူများအနေဖြင့် လျှောက်လွှာများကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၁း၅၉ နာရီ မတိုင်မီ ပေးပို့ရမည် ဖြစ်သည်။
အသေးစိတ် အချက်အလက်များ သိလိုပါက
https://mm.usembassy.gov/hubert-h-humphrey-fellowship/ တွင် ကြည့်ရှု နိုင်သည်ဟု ဖော်ပြထားသည်။