ပညာရေးပြုပြင်ပြောင်းလဲရန် အိန္ဒိယတွင် Gen Z လူငယ်များ ဆန္ဒပြ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်။ 

အိန္ဒိယနိုင်ငံ၊ မြို့တော် နယူးဒေလီတွင် ပညာရေးစနစ် ပြုပြင်ပြောင်းလဲပေးရန်နှင့် ပညာရေးဝန်ကြီး နှုတ်ထွက်ပေးရန်အတွက် “Gen Z” လူငယ် ထောင်ပေါင်းများစွာ လမ်းပေါ်ထွက် ဆန္ဒပြနေကြသည်။

အဆိုပါ ဆန္ဒပြပွဲကို “ကြမ်းပိုး ပြည်သူ့ပါတီ” (Cockroach Janta Party – CJP) ဟု အမည်ပေးထားသည့် လူငယ်လှုပ်ရှားမှုအဖွဲ့က ဦးဆောင်ခြင်းဖြစ်သည်။ 

၎င်းအဖွဲ့မှာ အမှန်တကယ်တွင် နိုင်ငံရေးပါတီတစ်ခု မဟုတ်ဘဲ၊ လွန်ခဲ့သော မေလအတွင်း အိန္ဒိယ တရားသူကြီးချုပ်က အလုပ်လက်မဲ့ လူငယ်များကို “ကြမ်းပိုးများ၊ ကပ်ပါးကောင်များ” ဟု ခိုင်းနှိုင်းပြောဆိုခဲ့သည့် သတင်းများ ထွက်ပေါ်လာပြီးနောက် လူငယ်များက အစိုးရကို သရော်သည့်အနေဖြင့် ဒီအမည်ကို ယူခဲ့ကြခြင်းဖြစ်သည်။ 

ဆန္ဒပြပွဲအချို့တွင် လူငယ်များသည် ကြမ်းပိုးဝတ်စုံများ ဝတ်ဆင်၍ ပါဝင်ခဲ့ကြသည်။

ဆန္ဒပြရသည့် အဓိကအကြောင်းရင်းမှာ အိန္ဒိယနိုင်ငံ၏ ဆေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲ (NEET) မေးခွန်းများ ပေါက်ကြားခဲ့ခြင်းကြောင့် ဖြစ်သည်။ 

လွန်ခဲ့သော မေလအတွင်း စာမေးပွဲဖြေဆိုသူ လူငယ် ၂ သန်းခွဲနီးပါး ရှိခဲ့သော်လည်း မေးခွန်းပေါက်ကြားမှုကြောင့် စာမေးပွဲအား ဖျက်သိမ်းကာ ပြန်လည်ဖြေဆိုခဲ့ရသည်။ 

ထိုဖြစ်စဉ်ကြောင့် စိတ်ဓာတ်ကျပြီး ကျောင်းသား ၂၀ ခန့် သေကြောင်းကြံစည်မှုများ ဖြစ်ပွားခဲ့သဖြင့် လူငယ်များနှင့် မိဘများအကြား အမျက်ဒေါသ ထွက်ခဲ့ကြသည်။

ဇူလိုင်လ ၂၀ ရက်နေ့မှစ၍ နယူးဒေလီမြို့တွင် ကျင်းပခဲ့သော အဆိုပါ ဆန္ဒပြပွဲသည် ဝန်ကြီးချုပ် မိုဒီ အစိုးရလက်ထက်တွင် အကြီးမားဆုံး ဆန္ဒပြပွဲတစ်ခု ဖြစ်လာခဲ့သည်။ 

မကြာသေးမီကလည်း မြန်မာစစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် သမ္မတတာဝန်ယူပြီးနောက် ပထမဆုံးခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည်။