ဂွါတီမာလာ နိုင်ငံတွင် မီးတောင် ပေါက်ကွဲမှုကြောင့် ရွာသားများ အရေးပေါ် ရွှေ့ပြောင်း 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက်။ 

ဂွာတီမာလာနိုင်ငံရှိ ဖူအဲဂို (Fuego) မီးတောင် ပြင်းထန်စွာ ပေါက်ကွဲပြီး ချော်ရည်များနှင့် ပြာပူများ ပန်းထွက်နေသည့်အတွက် အနီးအနား ကျေးရွာအချို့မှ ပြည်သူများကို ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းပေးနေရသည်။

အနောက်ကမ္ဘာခြမ်းတွင် မီးတောင်လှုပ်ရှားမှု အများဆုံးဖြစ်သည့် အဆိုပါ မီးတောင်သည် တနင်္လာနေ့မှစတင်၍ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ 

လက်ရှိတွင် ပူပြင်းသည့် မီးတောင်ဓာတ်ငွေ့များ၊ ပြာပူများနှင့် ကျောက်ခဲအပျက်အစီးများ ပါဝင်သည့် မီးတောင်စီးကြောင်းများသည် မီးတောင်၏ အရှေ့တောင်ဘက် တောင်စောင်းအတိုင်း စီးဆင်းနေတယ်လို့ သဘာဝဘေး စောင့်ကြည့်ရေးအဖွဲ့က အင်္ဂါနေ့အစောပိုင်းတွင် သတင်းထုတ်ပြန်သည်။

ယင်းအခြေအနေကြောင့် ဂွာတီမာလာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒုတိယအမြင့်ဆုံး လိမ္မော်ရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားသည်။ 

မီးတောင် ပေါက်ကွဲမှုများ ထပ်မံဖြစ်ပေါ်နိုင်ပြီး မီးတောင်ပြာမိုးများ ကျရောက်နိုင်သဖြင့် အနီးအနားရှိ စာသင်ကျောင်းများကို ပိတ်ထားလိုက်သကဲ့သို့ ဒေသခံများအား အိမ်တံခါးနှင့် ပြတင်းပေါက်များကို လုံအောင်ပိတ်ထားကြရန် သတိပေးထားသည်။

ဖူအဲဂိုမီးတောင်သည် ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အန်တီဂွာ (Antigua) မြို့၏ အနောက်ဘက် ၁၀ မိုင်အကွာတွင် တည်ရှိပြီး အာဏာပိုင်များက ခရီးသွားများနှင့် ဒေသခံများအား အန္တရာယ်ရှိသော မီးတောင်စောင်း ဧရိယာများသို့ မသွားရောက်ကြရန် နှိုးဆော်ထားသည်။

Photo: Moises Castillo/AP