ထိုင်းတွင် သေနတ်ကိုင်ဆောင်ခွင့် တင်းကြပ်မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်။
ထိုင်းနိုင်ငံ၌ သေနတ်ကိုင်ဆောင်ခွင့်နှင့် ပတ်သက်၍ ပိုမိုတင်းကျပ်သည့် ဥပဒေများ ပြဋ္ဌာန်းသွားမည်ဖြစ်ပြီး အဆိုပါ ဥပဒေသစ်များ မထွက်ရှိမီ ကာလအတွင်း အိမ်ပြင်ပ သေနတ်ကိုင်ဆောင်ခွင့်များကို ပိတ်ပင်ထားမည်ဟု ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်က ပြောကြားလိုက်သည်။
လွန်ခဲ့သည့်သီတင်းပတ်က ဘန်ကောက်မြို့အနီး နွန်ထဘူရီ (Nonthaburi) မြို့ရှိ စာသင်ကျောင်းတစ်ခု၌ အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦး၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူ ၈ ဦး သေဆုံးခဲ့ရပြီးနောက် အစိုးရက ယခုကဲ့သို့ အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကျောင်းသားသည် အဘိုးဖြစ်သူ၏ သေနတ်ကို အသုံးပြု၍ အဘိုးအဘွားနှစ်ဦး၊ ကျောင်းဝန်ထမ်း ၅ ဦးနှင့် ၁၂ နှစ်အရွယ် ကျောင်းသူတစ်ဦး၊ စုစုပေါင်း ၈ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး မိမိကိုယ်ကို ပြန်လည်ပစ်ခတ် သေဆုံးခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်က တင်းကျပ်သည့် သေနတ်ကိုင်ဆောင်ခွင့် ဥပဒေများ ပြဋ္ဌာန်းမည့်အပြင် တရားမဝင် ကိုင်ဆောင်ထားသည့် သေနတ်ပေါင်း ၄ သန်းခန့်ကိုလည်း ပြန်လည်အပ်နှံစေရေး ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ထို့ပြင် စာသင်ကျောင်းများ၌ လက်နက် စစ်ဆေးသည့် စက်ပစ္စည်းများ တပ်ဆင်သွားမည်ဟုလည်း ဆိုသည်။
ထိုင်းနိုင်ငံသည် အာရှဒေသတွင်း လက်နက်ကိုင်ဆောင်မှု နှုန်းထား အမြင့်မားဆုံး နိုင်ငံတစ်ခုဖြစ်ပြီး ပြည်သူများလက်ဝယ်၌ တရားဝင်နှင့် တရားမဝင် လက်နက်ပေါင်း ၁၀ သန်းကျော် ရှိနေကြောင်း သုတေသနများက ခန့်မှန်းထားသည်။