မောင်တောခရိုင်တွင် AA က ညမထွက်ရအမိန့် ထုတ်ပြန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်။
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်း လုံခြုံရေး အခြေအနေများကြောင့် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ည မထွက်ရ အမိန့်ကို ဩဂုတ်လ ၉ ရက်နေ့မှ စတင်၍ အာရက္ခတပ်တော် (AA) က ထုတ်ပြန်လိုက်သည်။
မောင်တောခရိုင်အတွင်း ဆူပူသောင်းကျန်းမှုများ ဖြစ်ပေါ်စေရန် RSO၊ ARSA နှင့် ARA အဖွဲ့များက ရည်ရွယ် လုပ်ဆောင်နေကြခြင်း ဖြစ်သည်ဟု AA က ဆိုသည်။
အဆိုပါအဖွဲ့များသည် တစ်ဖက်နိုင်ငံကို အခြေခံ၍ အာရက္ခပြည်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ အရပ်သား များကို သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ချောင်းမြောင်းတိုက်ခိုက်ခြင်းနှင့် လုယက်ခြင်းများ ပြုလုပ်လျက်ရှိ သည်ဟု ဆိုသည်။
သို့ဖြစ်ပါ၍ ဒေသခံပြည်သူများ၏ လုံခြုံရေးအတွက် ယခုကဲ့သို့ ညမထွက်ရအမိန့် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။
ဒေသခံ ပရဟိတဆောင်ရွက်နေသူ အမျိုးသားတစ်ဦးက “အခုလပိုင်းတွေမှာ မောင်တော ဘင်္ဂလားနယ်စပ်မှာ မွတ်ဆလင်လက်နက်ကိုင် အဖွဲ့တွေလှုပ်ရှားလာတာတွေရှိတယ်။ နောက် ဘင်္ဂလားဘက်က ခြံစည်းရိုးခတ်ဖို့ လုပ်လာတာတွေရှိတယ်။ ဒေသခံ တိုင်းရင်းသားကျေးရွာတွေမှာ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေ က လှုပ်ရှား နေတာတွေ သတင်းတွေကြားတော့ အေအေက အခုလို ထုတ်ပြန်တာ ကောင်းတယ်လို့မြင်တယ်” ဟု ပြော သည်။
ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ညမထွက်ရအမိန့်ကို မပျက်မကွက် လိုက်နာရန်နှင့် သတ်မှတ်ထားသည့်အချိန်အတွင်း သွားလာရန် မဖြစ်မနေလိုအပ်ပါက သက် ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူများထံ ကြိုတင်အကြောင်းကြားကာ ခွင့်ပြုချက်ရယူပြီးမှ သွားလာကြရန်လည်း AA က အသိပေးထားသည်။
အမိန့်ကို လိုက်နာရန် ပျက်ကွက်သူများရှိပါက သက်ဆိုင်ရာဥပဒေ၊ စည်းမျဉ်းများနှင့်အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ပြီး အဆိုပါ ညမထွက်ရအမိန့်သည် ဩဂုတ်လ ၉ ရက်နေ့မှ စတင်၍ ပြန်လည်ရုပ်သိမ်းကြောင်း ထပ်မံထုတ်ပြန်သည်အထိ အတည်ဖြစ်သည်ဟု ဆိုသည်။
AA သည် မောင်တောနှင့် ဘူးသီးတောင် မြို့နယ်တစ်ခုလုံးနီးပါးကို ထိန်းချုပ်နိုင်ရန် စစ်ဆင်ရေးများ ဆက်လက် ဆောင်ရွက်နေစဉ်အတွင်း နယ်စပ်အနီး တောတောင်များနှင့် စခန်းများမှ ထွက်ခွာလာသည့် မွတ်ဆလင် လက်နက်ကိုင်များနှင့် တိုက်ပွဲများ ရံဖန်ရံခါ ဖြစ်ပွားလျက်ရှိသည်။