ဂျာမဏီကထောက်လှမ်းရေးအဖွဲ့များအား အခွင့်အာဏာတိုးမြှင့်ပေးမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ရက်။
ဆိုက်ဘာနှင့် ဟိုက်ဘရစ် (Hybrid) ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်အတွက် ပြည်တွင်းနှင့် ပြည်ပ ထောက်လှမ်းရေးအဖွဲ့များအား လုပ်ပိုင်ခွင့်အာဏာ တိုးမြှင့်ပေးမည့် စီမံကိန်းကို ဂျာမနီအစိုးရအဖွဲ့က အတည်ပြုလိုက်သည်။
မူဝါဒသစ်အရ ဂျာမနီ၏ BND (ပြည်ပထောက်လှမ်းရေး) နှင့် BfV (ပြည်တွင်းထောက်လှမ်းရေး) အဖွဲ့များသည် ဒစ်ဂျစ်တယ် ဆက်သွယ်ရေးများကို ကြားဖြတ်ဝင်ရောက်ခြင်း၊ အချက်အလက် ကောက်ယူခြင်းနှင့် တိုက်ခိုက်မှုများကို တားဆီးရန် တိုက်ရိုက် ပါဝင်ဆောင်ရွက်ခြင်းများကို လုပ်ဆောင်ခွင့် ရရှိမည်ဖြစ်သည်။
ပြင်ပခြိမ်းခြောက်မှုများအတွက် မဟာမိတ်နိုင်ငံများကိုချည်း မှီခိုနေ၍ မရတော့ကြောင်းနှင့် ယခုလုပ်ဆောင်ချက်သည် လုံခြုံရေးစနစ်ကို အဆင့်မြှင့်တင်လိုက်ခြင်းဖြစ်ကြောင်း ဂျာမန် ပြည်ထဲရေးဝန်ကြီး အဲလက်ဇန်းဒါး ဒိုဘရင့်စ် (Alexander Dobrindt) က ပြောကြားသည်။
အဆိုပါ စီမံကိန်းကို ပါလီမန်တွင် ဆက်လက်အတည်ပြုရမည်ဖြစ်သည်။
အတည်ပြုပါက ထောက်လှမ်းရေးများအနေဖြင့် တိုက်ခိုက်သူများ၏ ကွန်ပျူတာစနစ်အတွင်း ဝင်ရောက်ကာ အချက်အလက်များ ဖျက်ဆီးခြင်း သို့မဟုတ် ကူးယူခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။
သို့သော်လည်း ပြည်တွင်းထောက်လှမ်းရေးအား အာဏာတိုးမြှင့်ပေးမှုသည် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လွတ်လပ်ခွင့်ကို ထိခိုက်နိုင်ကြောင်း အတိုက်အခံများနှင့် လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်နေကြသည်။
Photo:EPA