လင်ကွန်းကို ဂျော့ဝါရှင်တန်ဖြင့် အစားထိုးမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်။ 

အမေရိကန်၏ လေယာဉ်တင် သင်္ဘော တစ်စီးဖြစ်သည့် USS George Washington သည် အရှေ့အလယ်ပိုင်းဒေသသို့ ဦးတည်ထွက်ခွာနေသည်ဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။  

အရှေ့အလယ်ပိုင်းတွင် တာဝန်ထမ်းဆောင်နေသည့် USS Lincoln သင်္ဘောပေါ်ရှိ စစ်သားများ စိတ်ကျန်းမာရေးနှင့် ထောက်ပံ့ရေး ပြဿနာများ ရှိနေသည်ဆိုသည့် သတင်းများ ပေါ်ထွက်လာပြီးနောက်ပိုင်း ယခုကဲ့သို့ လေယာဉ်တင် သင်္ဘောတစ်စီး ပင်လယ်ကွေ့သို့ ထွက်ခွာလာခြင်း ဖြစ်သည်။ 

Lincoln သင်္ဘောသည် အီရန်နှင့် ဖြစ်ပွားနေသည့် စစ်ပွဲကို ကူညီရန် စေလွှတ်ခြင်းခံထားရပြီး ပင်လယ်ပြင်တွင် ဆက်တိုက် တာဝန်ထမ်းဆောင်ခဲ့သည်မှာ ရက်ပေါင်း ၂၆၀ ကျော် ရှိနေပြီဖြစ်သည်။ 

စစ်ပွဲ အခြေအနေများကြောင့် ထောက်ပံ့ရေး လမ်းကြောင်းများ ထိခိုက်ခဲ့သဖြင့် ရိက္ခာများ ရောက်ရှိရန် ကြန့်ကြာမှုများ ရှိခဲ့သည်။ 

စစ်သည်များ၏ စိတ်ဓာတ်နှင့် စိတ်ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုများ ထွက်ပေါ်နေသော်လည်း ရေတပ်ဘက်က မိမိကိုယ်ကို သေကြောင်းကြံစည်မှု တိုးပွားလာခြင်း မရှိဟု ငြင်းဆိုထားသည်။ 

သို့သော် ဩဂုတ်လဆန်းပိုင်းက စစ်သည်တစ်ဦး သင်္ဘောပေါ်မှ ရေထဲသို့ ပြုတ်ကျခဲ့ဖူးပြီး ပြန်လည်ကယ်ဆယ်နိုင်ခဲ့သည်ဟု ဆိုသည်။

အမေရိကန် ဒီမိုကရက်တစ် လွှတ်တော်အမတ်များက စစ်သည်များ၏ တာဝန်ထမ်းဆောင်ရသည့် အခြေအနေများနှင့် ပတ်သက်၍ အစိုးရနှင့် ပင်တဂွန် (ကာကွယ်ရေးဝန်ကြီးဌာန) ကို စုံစမ်းစစ်ဆေးရန် ကြိုးပမ်းနေကြသည်။ 

ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှ ထွက်ခွာလာသည့် USS George Washington သည် လက်ရှိတွင် စင်ကာပူနှင့် မလက္ကာ ရေလက်ကြားတို့ကို ဖြတ်သန်းနေပြီး Lincoln သင်္ဘောနေရာတွင် အစားထိုး တာဝန်ယူသွားမည့် အလားအလာရှိနေသည်။