ပြင်သစ်တွင် ဘတ်ဂျက် လျှော့မှု အပေါ် အစိုးရဝန်ထမ်းများနှင့် ကျောင်းသားများ ဆန္ဒပြ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်။
ပြင်သစ်နိုင်ငံတွင် သမ္မတ အီမန်နုအဲလ် မက်ခရွန် အစိုးရ၏ အများပြည်သူဆိုင်ရာ အသုံးစရိတ် ဖြတ်တောက်မည့် ဘတ်ဂျက်မူကြမ်း ထွက်ရှိမလာမီ အစိုးရဝန်ထမ်းများနှင့် အထက်တန်းကျောင်းသားများ ဦးဆောင်၍ စက်တင်ဘာ ၂၉ ရက်နေ့က နိုင်ငံတဝှမ်း အစုလိုက်အပြုံလိုက် ဆန္ဒပြ သပိတ်မှောက်ခဲ့ကြပါသည်။
၂၀၂၇ ဘတ်ဂျက်မူကြမ်း ထွက်ရှိရန် နှစ်ရက်အလိုတွင် ဖြစ်ပွားခဲ့သည့် အဆိုပါ ဆန္ဒပြပွဲများတွင် ပညာရေးဝန်ထမ်းများ၊ မီးသတ်သမားများနှင့် ကျန်းမာရေးဝန်ထမ်းများအပြင်၊ နိုင်ငံတဝှမ်းရှိ အထက်တန်းကျောင်းပေါင်း ၃၃၀ ကျော် ပါဝင်ခဲ့ကြပါသည်။
ကျောင်းသားများသည် စာသင်ခန်းများ ပြည့်ကျပ်နေမှု၊ ဆရာ/ဆရာမ မလုံလောက်မှုနှင့် ရဲတပ်ဖွဲ့၏ ဖိနှိပ်မှုများကို ဆန့်ကျင်သည့်အနေဖြင့် ကျောင်းအဝင်ဝများကို အမှိုက်ပုံးများနှင့် အတားအဆီးများ ပိတ်ဆို့ ဆန္ဒပြခဲ့ကြပါသည်။
ပြင်သစ်အစိုးရသည် ဘတ်ဂျက်လိုငွေပြမှုကို ထိန်းချုပ်ရန် စုစုပေါင်း ယူရို ၅၄ ဘီလီယံအထိ အသုံးစရိတ် ချွေတာရန် စီစဉ်နေခြင်း ဖြစ်သည်။
အဆိုပါ အစီအစဉ်တွင် အစိုးရဝန်ထမ်းများ၏ အခြေခံလစာကို ၂၀၂၇ ခုနှစ်တွင် ထပ်မံ ဆိုင်းငံ့ထားခြင်းဖြင့် ယူရို ၂ ဘီလီယံ လျှော့ချရန် ကြိုးပမ်းမှု ပါဝင်သည်။
ဒါဟာ သမ္မတ မက်ခရွန် အစိုးရသက်တမ်းအတွင်း ၈ ကြိမ်မြောက် လစာဆိုင်းငံ့ခြင်းဖြစ်ပြီး ဝန်ထမ်းများ၏ ဝယ်ယူနိုင်စွမ်းအားကို အကြီးအကျယ် ထိခိုက်စေသည်ဟု အလုပ်သမားသမဂ္ဂများက ပြင်းပြင်းထန်ထန် ဝေဖန်ထားကြသည်။
အလုပ်သမားသမဂ္ဂ (CGT) ကမူ အဆိုပါ အစီအစဉ်ကို ၄၈ နာရီအတွင်း ပြန်လည်ရုတ်သိမ်းပေးရန် အစိုးရထံ တောင်းဆိုထားပါသည်။
လာမည့် သမ္မတရွေးကောက်ပွဲ ကျင်းပရန် ၇ လခန့်အလိုတွင် ဖြစ်ပွားခဲ့သည့် ယခု သပိတ်မှောက်မှုသည် သမ္မတ မက်ခရွန်အပေါ် လူထုထောက်ခံမှု ကျဆင်းနေချိန်နှင့် တိုက်ဆိုင်လျက်ရှိနေသည်။