တောင် အမေရိကနှင့် လွတ်လပ်စွာ ကုန်သွယ်ရေး ဥရောပလယ်သမားများ ကန့်ကွက်ဆန္ဒပြ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၉ ရက်။ 

ပြင်သစ်နိုင်ငံ ပါရီမြို့ထဲကို တချိန်တည်း တပြိုင်တည်းမှာ လယ်ထွန်စက်တွေ ဝင်ရောက်လာပါတယ်။ သူတို့ရဲ့ ဦးတည်ရာက လွှတ်တော် အဆောက်အဦဖြစ်ပါတယ်။ 

လွှတ်တော် အဆောက်အဦရောက်တဲ့အခါမှာတော့ လယ်ထွန်စက် တစ်ရာလောက် စုပြီး ဆန္ဒ ပြကြပါတယ်။ 

ဂရိနိုင်ငံမှာ ဆန္ဒပြပုံကတော့ တမျိုးပါ၊ လယ်ထွန်စက်တွေဟာ လမ်းဆုံလမ်းခွတွေကို တက်လာကြပြီး လမ်းတွေ ပိတ်ပြီး ရပ်ထားလိုက်တာ ဖြစ်ပါတယ်။ 

အဲလို လမ်းပိတ်ဆို့မှုဟာ ၄၈ နာရီ တနည်းပြောရင် ၂ ရက် ကြာမြင့်ပါတယ်။ 

ဒါကတော့ ဥရောပက လယ်သမားတွေက ဥရောပသမဂ္ဂ အနေနဲ့ တောင်အမေရိကတိုက်က ဘရာဇီး၊ အာဂျင်တီးနား၊ ဥရုဂွေး၊ ပါရာဂွေးနဲ့ ဘိုလီးဗီးယား နိုင်ငံတွေပါတဲ့ မာရ်ကိုဆူးရ် (Mercosur) ဒေသဆိုင်ရာ ကုန်သွယ်မှု အသင်းနဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး စာချုပ်ချုပ်ဆိုမှာကို ကန့်ကွက်ကြတာ ဖြစ်ပါတယ်။ 

ကုန်ကျစားရိတ်နဲ့ ကုန်ဈေးနှုန်းတွေ မတူညီတာကြောင့် ဥရောပက လယ်သမားတွေ နစ်နာမှာကို စိုးရိမ်နေကြတာပါ။ ဥပမာ ပြောမယ်ဆိုရင် အာလူးဈေးနှုန်းဟာ တောင်အမေရိကမှာ ဥရောပထက် ၃-၄ ဆ နည်းပါတယ်။

ဒါကြောင့် အဲဒီ ကုန်သွယ်ရေး သဘောတူညီချက် ရသွားရင် ဥရောပ လယ်သမားတွေ ဝင်ငွေ လျော့ကျသွားဖို့ ရှိနေပါတယ်။ 

လယ်သမားတွေကတော့ ဥရောပမှာ ကုန်ထုတ်လုပ်စရိတ်မြင့်ပြီး အစိုးရ ထောက်ပံ့ကြေးက နည်းလွန်းတယ်လို့ ဝေဖန်နေကြပါတယ်။

ဒီသဘောတူစာချုပ်ကို ပါရာဂွေးမှာ ဇန္နဝါရီလ ၁၂ ရက်နေ့မှာ လက်မှတ်ထိုးမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် လယ်သမားတွေက အခုလို ဆန္ဒ ပြကြတာ ဖြစ်ပါတယ်။