အင်ဒိုနီးရှားအကျဉ်းထောင်မှ ဇိမ်ခံအဆောင်များကို အာဏာပိုင်များ စတင်ဖြိုဖျက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်။
အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော်ဂျကာတာအနီးရှိ အကျဉ်းထောင်တစ်ခုအတွင်း ငွေကြေးနှင့် အာဏာရှိသူ အကျဉ်းသားများအတွက် သီးသန့်ဖန်တီးပေးထားသည့် ဇိမ်ခံအဆောင်များကို အာဏာပိုင်များက စက်တင်ဘာလ ၃၀ ရက်နေ့မှစတင်၍ ဖျက်ဆီးရှင်းလင်းလျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၃ ရက်နေ့က အင်ဒိုနီးရှားအစိုးရ စုံစမ်းရေးအဖွဲ့သည် အဆိုပါအကျဉ်းထောင်သို့ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် သီးသန့်အခန်းများအတွင်း မျက်နှာပြင်ကျယ် တီဗီများ၊ လေအေးပေးစက်များ၊ ကြံ့ခိုင်ရေးလေ့ကျင့်ခန်းသုံး ပစ္စည်းများ၊ ဆိုဖာများ၊ ရေခဲသေတ္တာများနှင့် အရက်ပုလင်းများကို ဟိုတယ်ခန်းများသဖွယ် ခင်းကျင်းပြင်ဆင်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ မသမာမှုများ ပေါ်ပေါက်လာပြီးနောက် စက်တင်ဘာလ ၃၀ ရက်နေ့တွင် လွှတ်တော်အမတ်များ ကိုယ်တိုင် သွားရောက်စစ်ဆေးခဲ့ကြပြီး နောက်နောင် ယခုကဲ့သို့ မသမာမှုများ ထပ်မံမဖြစ်ပွားစေရေး အတွက် အဆိုပါ ဇိမ်ခံအဆောင်များကို ချက်ချင်းဖြိုဖျက်ရန်နှင့် ပရိဘောဂများကို ရုပ်သိမ်းရှင်းလင်းရန် အမိန့်ပေးညွှန်ကြားခဲ့ခြင်း ဖြစ်သည်။