ထိုင်း ခရီးသွားအခွန်သစ် ဝင်ကြေး ဘတ် ၄၅၀ နှင့် ထွက်ကြေး ဘတ် ၁,၀၀၀ ကောက်ခံရန် စီစဉ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်။
ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်မည့် နိုင်ငံတကာခရီးသွားများနှင့် ပြည်ပသို့ ထွက်ခွာမည့်သူများထံမှ အခွန်အသစ် နှစ်ရပ်ကောက်ခံရန် ထိုင်းအစိုးရက ပြင်ဆင်လျက်ရှိသည်။
ထိုင်းနိုင်ငံသားများနှင့် မြန်မာများအပါအဝင် ပြည်ပ ခရီးသွားများ ထံမှာ ပြည်ဝင်ခွန် ၄၅၀ ဘတ်နှင့် ပြည်ပထွက်ခွာ ခွန် ဘတ် ၁၀၀၀ ကောက်ခံရန် စီစဉ်နေခြင်း ဖြစ်သည်။
အဆိုပါ အခွန်များကို ခရီးသွားများ၏ လုံခြုံရေး၊ ဆေးကုသမှုအာမခံနှင့် ခရီးစဉ်ဒေသများ ပြုပြင်ထိန်းသိမ်းရေးကဏ္ဍများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာနက ဆိုသည်။
အဆိုပါအခွန်ကို နိုင်ငံခြားသားများသာမက ထိုင်းနိုင်ငံသားများကိုပါ လေယာဉ်လက်မှတ်ခတွင် တစ်ပါတည်း ထည့်သွင်းကောက်ခံသွားရန် စီစဉ်နေခြင်းဖြစ်သည်။
ယင်းအခွန်များကို အတည်ပြုပါက ယခင်က လေယာဉ်လက်မှတ် တန်ဖိုးများတွင် ထည့်သွင်းထားသည့် အခွန်များနှင့် ပေါင်းပါက လေကြောင်းခရီးသည်တစ်ဦးလျှင် အခွန်အခချည်းသက်သက် စုစုပေါင်း ဘတ် ၂,၅၇၀ အထိ ကုန်ကျနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။
လက်ရှိတွင် ထိုင်းနိုင်ငံရှိ အဓိက လေဆိပ်ကြီး (၆) ခုမှ ပြည်ပသို့ ထွက်ခွာသူများထံမှ လေဆိပ်ဝန်ဆောင်ခ (Passenger Service Charge) အဖြစ် ဘတ် ၁,၁၂၀ ကို ကောက်ခံလျက်ရှိသည်။
သို့ဖြစ်ရာ ယခု အခွန်သစ် နှစ်ရပ်ကိုပါ ထပ်မံပေါင်းထည့်ပါက ခရီးသွားများအတွက် ငွေကြေးအရ ပိုမိုဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်ကြောင်း သုံးသပ်မှုများ ထွက်ပေါ်နေသည်။
ယခုကဲ့သို့ အခွန်သစ်များ ထပ်မံကောက်ခံမည့် အစီအစဉ်အပေါ် ထိုင်းခရီးသွားလုပ်ငန်းရှင်များအသင်း (ATTA) က ပြင်းထန်စွာ ကန့်ကွက်ထားသည်။
အထူးသဖြင့် နိုင်ငံပေါင်း (၆၀) အား ဗီဇာကင်းလွတ်ခွင့် ရက် ၆၀ မှ ၃၀ သို့ လျှော့ချလိုက်သည့် အချိန်နှင့် တိုက်ဆိုင်နေသဖြင့် ဤအခွန်သစ်များက ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဈေးကွက်ကို ကြီးမားစွာ ထိခိုက်စေနိုင်ကြောင်း အဆိုပါအသင်းက သတိပေးထားသည်။
လက်ရှိအခြေအနေတွင် အဆိုပါ အခွန်သစ်စီမံကိန်း နှစ်ရပ်လုံးမှာ အများပြည်သူ၏ သဘောထားမှတ်ချက် တောင်းခံနေဆဲအဆင့်သာ ရှိနေသေးပြီး တရားဝင် အတည်ပြု ပြဋ္ဌာန်းထားခြင်း မရှိသေးပေ။