မလေးရှားပြန်များ အနက် အချို့မှာ နေရပ်မပြန်နိုင်သေးဘဲ စစ်မှုထမ်း စုဆောင်းခံရမည်ကို စိုးရိမ်နေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်။

မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းများမှ စစ်အုပ်စု၏ စစ်သင်္ဘော ၃ စီးဖြင့် ပြန်လည်ပို့ဆောင်ခံရသည့် မြန်မာ နိုင်ငံသား ၁,၄၇၆ ဦး ရန်ကုန်မြို့သို့ ရောက်ရှိလာသော်လည်း လူအများအပြားမှာ နေရပ်သို့ မပြန်နိုင်သေးဘဲ စစ်မှုထမ်း အတင်းအဓမ္မ စုဆောင်းခံရမည်ကို မိသားစုဝင်များက  စိုးရိမ်နေကြရကြောင်း ပြန်လည်ရောက်ရှိလာသူများနှင့် နီးစပ်သူ များက ပြောသည်။

အဆိုပါ ပထမအသုတ် ပြန်လည်ရောက်ရှိလာသူများသည် အောက်တိုဘာလ ၄ ရက်နေ့က ရန်ကုန်၊ သီလဝါ ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

သို့သော် ရန်ကုန်သို့ ရောက်ရှိလာသူများကို ဒစ်ဂျစ်တယ် ကိုယ်ရေးအချက်အလက် UID နံပါတ် (စမတ်ကတ်) ထုတ်ပေးမည်ဟုဆိုကာ သန်လျင်၊ လှိုင်သာယာနှင့် ဒေါပုံမြို့နယ်များရှိ စခန်းများသို့ ခွဲခြားခေါ်ဆောင်ထားပြီး ဖုန်းယူဆောင်ခွင့်နှင့် မိသားစုဝင်များနှင့် လွတ်လပ်စွာ တွေ့ဆုံခွင့်များကို ပိတ်ပင်ထားသည်။

အဆိုပါ ပြန်လည်ရောက်ရှိလာသူများအနက် အချို့ကို အာရက္ခ တပ်တော် (AA) နှင့် တော်လှန်ရေးအဖွဲ့များနှင့် ဆက်စပ်မှု ရှိ၊ မရှိ သံသယဖြင့် စစ်ဆေးနေသဖြင့် မိသားစုဝင်များက အထူးစိုးရိမ်လျက်ရှိကြသည်။

ပြန်လည်ရောက်ရှိလာသူ၏ မိသားစုဝင်တစ်ဦးက “ရန်ကုန်ရောက်တာ ကြာပြီဖြစ်ပေမဲ့ အိမ်ကို ပြန် မရောက် သေးဘူး။ စခန်းတွေမှာ ထိန်းထားပြီး UID ကတ်လုပ်ဖို့ဆိုပြီး ကိုယ်ရေးအချက်အလက်တွေ အကုန်ယူ ထား တယ်။ ဖုန်းလည်း ပေးမကိုင်ဘူး။ မြေပြင်မှာ စစ်ပွဲတွေ ပြင်းထန်နေတော့ သူတို့ကို စစ်တပ်က ပေါ်တာဆွဲ တာမျိုး ဒါမှမဟုတ် စစ်မှုထမ်းဖို့ အဓမ္မ စုဆောင်းမှာကို အရမ်းစိုးရိမ်နေရတယ်” ဟု ပြောသည်။

တစ်ဖက်တွင်လည်း မွန်ပြည်သို့ ပြန်လည်ရောက်ရှိလာသည့် မွန်ဒေသခံ ၁၉၈ ဦးမှာ မိသားစုများနှင့် ပြန်လည် ဆုံတွေ့ခွင့် ရရှိထားသော်လည်း ကိုယ်ရေးအချက်အလက်များ စစ်အုပ်စုထံ ရောက်ရှိသွားသဖြင့် အချိန်မရွေး စစ်မှုထမ်း ခေါ်ဆောင်ခံရမည်ကို စိုးရိမ်နေကြသည်။

ပြန်လည်ပို့ဆောင်ခံရသူနှင့် နီးစပ်သည့် မွန်ဒေသခံတစ်ဦးက “အိမ်ပြန်ရောက်ကြတယ်ဆိုပေမဲ့ စမတ်ကတ် လုပ်ပေးလိုက်တာ ဆိုတော့ ကိုယ်ရေးအချက်အလက်တွေ အကုန်ပေး အာဏာပိုင်းတွေကို ပေးလိုက်ရပြီလေ။ အဲ့တော့ တစ်ယောက်ချင်းရဲ့ အချက်အလက်တွေက သူတို့လက်ထဲ စာရင်းအပြည့်အစုံ ရောက်သွားပြီလေ။ အချိန်မရွေး စစ်မှုထမ်းဖို့ လာခေါ်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ပဲ လန့်နေကြတာ” ဟု ပြောသည်။

ယခု ဖြစ်စဉ်နှင့် ပတ်သက်၍ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် အာဆီယံ လူ့အခွင့်အရေး ပါလီမန်အမတ်များအဖွဲ့ (APHR) တို့က မြန်မာနိုင်ငံအတွင်း ဘေးကင်းလုံခြုံမှု မရှိသေးဘဲ စစ်ပွဲ များနှင့် စစ်ရာဇဝတ်မှုများ ဖြစ်ပွားနေသဖြင့် မလေးရှားအစိုးရအနေဖြင့် မြန်မာနိုင်ငံသားများ ပြန်လည်ပို့ဆောင် သည့် အစီအစဉ်ကို ချက်ချင်း ဆိုင်းငံ့ပေးရန် တိုက်တွန်းထားသည်။

သို့သော်လည်း မလေးရှား ဝန်ကြီးချုပ် အန်နဝါ ဘင် အီဘရာဟင်က ထိန်းသိမ်းရေးစခန်းများတွင် ကျန်ရှိနေသေး သည့် မြန်မာနိုင်ငံသား ၃,၅၀၀ ခန့်ကို သတ်မှတ်ထားသည့် စည်းမျဉ်းများအတိုင်း ဆက်လက် ပြန်ပို့သွားမည်ဟု အောက်တိုဘာလ ၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ဓာတ်ပုံ – (မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းများမှ စစ်အုပ်စု၏ စစ်သင်္ဘောများဖြင့် ရန်ကုန် သီလဝါဆိပ် ကမ်းသို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများ။ / Crd)