ရုရှားကို နေတိုး ပြင်းပြင်းထန်ထန် သတိပေး၊ EU က အကြီးမားဆုံး ပိတ်ဆို့မှု ထုတ်ပြန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်။
ရုရှားနိုင်ငံနှင့် အနောက်နိုင်ငံများအကြား စစ်ရေးတင်းမာမှုများ မြင့်တက်နေစဉ် နာတိုး (NATO) စစ်ဘက်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးက ရုရှားဘက်မှ စတင် တိုက်ခိုက်လာပါက ရုရှား စစ်တပ်၏ စစ်ဆင်ရေး ယန္တရားတစ်ခုလုံးကို ချေမှုန်း ပျက်စီးပစ်မည်ဟု အပြင်းထန်ဆုံး သတိပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် ဥရောပသမဂ္ဂ (EU) ကလည်း ရုရှား လက်နက်ထုတ်လုပ်ရေး ကဏ္ဍနှင့် ဆက်စပ်နေသည့် လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီပေါင်း ၁,၆၀၀ နီးပါးကို သမိုင်းဝင် ပိတ်ဆို့အရေးယူမှုအဖြစ် ထပ်မံ ထုတ်ပြန်ခဲ့သည်။
အဆိုပါ သတိပေးချက်ကို ဥရောပဆိုင်ရာ နာတိုး မဟာမိတ်တပ်ပေါင်းစု မဟာဗျူဟာမှူး အမေရိကန် လေတပ်ဗိုလ်ချုပ်ကြီး အဲလက်ဆပ်စ် ဂရင်ကီဝစ်ချ် (Alexus Grynkewich) က ပိုလန်နိုင်ငံ၊ ဝါဆောမြို့၌ ကျင်းပသည့် လုံခြုံရေးဖိုရမ်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ရုရှားအနေဖြင့် နာတိုး အဖွဲ့ဝင် ၃၂ နိုင်ငံအနက် မည်သည့်နိုင်ငံကိုမဆို စတင်တိုက်ခိုက်လာပါက ရန်သူ့တပ်များကို ဟန့်တားမည်၊ ရိုက်ချိုးမည်၊ ချေမှုန်းမည် ဟူသော ဗျူဟာဖြင့် ပြန်လည် တုံ့ပြန်သွားမည်ဟု ဗိုလ်ချုပ်ကြီးက ဆိုသည်။
ထို့အပြင် တိုက်ခိုက်လာသည့် စစ်တပ်များတင်မကဘဲ ထိုစစ်တပ်ကို ထောက်ပံ့၊ ကူညီ၊ ထိန်းချုပ်ပေးနေသည့် အဆောက်အအုံနှင့် စနစ် အားလုံးကိုပါ တိုက်ခိုက်သွားမည်ဟု သတိပေးခဲ့သည်။
ယခုကဲ့သို့ သတိပေးချက်သည် ရုရှား ဒရုန်းများ နာတိုး အဖွဲ့ဝင်နိုင်ငံများ၏ လေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်မှုများ၊ ပဟေဠိဆန်သည့် အဖျက်အမှောင့် လုပ်ရပ်များနှင့် ကာလင်နင်ဂရက် (Kaliningrad) နယ်မြေနှင့် ပတ်သက်၍ ရုရှား၏ နျူကလီးယား ခြိမ်းခြောက်မှုများ ထွက်ပေါ်လာပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဥရောပသမဂ္ဂ (EU) ကလည်း ရုရှား၏ လက်နက် ထုတ်လုပ်ရေး ကဏ္ဍ၊ ဒရုန်းနှင့် ဒုံးပျံ အစိတ်အပိုင်းများ ထုတ်လုပ်ပေးနေသည့် ရုရှား စစ်ဘက်ဆိုင်ရာ စက်မှုကုန်ထုတ် လုပ်ငန်းများနှင့် ဆက်စပ်သူ လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီပေါင်း ၁,၆၀၀ နီးပါးကို ပိတ်ဆို့အရေးယူကြောင်း ကြေညာခဲ့သည်။
အဆိုပါ အရေးယူမှုသည် ယူကရိန်းစစ်ပွဲ စတင်ခဲ့သည့် ၅ နှစ်နီးပါး ကာလအတွင်း အကြီးမားဆုံး အသုတ်လိုက် ပိတ်ဆို့အရေးယူမှု ဖြစ်ပြီး၊ ယခုအခါ EU ၏ အရေးယူ ပိတ်ဆို့ခြင်းခံရသည့် ရုရှား ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း စုစုပေါင်း ၄,၅၀၀ ကျော်အထိ ရှိလာပြီ ဖြစ်သည်။